ပျဉ်းမနားမြို့တွင် ထမင်းပေါင်းအိုး အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ပျဉ်းမနား၊   ၄   ဖေဖော်ဝါရီ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ဖေဖော်ဝါရီ ၄  ရက် နံနက် ၇ နာရီ ၄၅ မိနစ် ခန့်က ရန်အောင်(၂)ရပ်ကွက်၊ ဂုဏ်တန်(၃)လမ်း၊ အမှတ်(၁၀/၂၈)နေ ဦးဝေယံမြင့်၏ နေအိမ်တွင် ထမင်း ပေါင်းအိုးတည်ထားရာတွင် အပူလွန်ကဲရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။

 

mdn

 

ဖြစ်စဉ်မှာ ထမင်းပေါင်းအိုးတည်ထားရာတွင် အပူလွန်ကဲ၍ အိမ်အတွင်းရှိ ပစ္စည်းများကို ကူးစက် လောင်ကျွမ်းရာမှ တစ်ဆင့် ဦးဝေယံမြင့်၏ နေအိမ် နှစ်ထပ်တိုက် မီးကူးစက်လောင်ကျွမ်းရာ ဒက္ခိဏခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းမင်းထက်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမြင့်နိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရန်အောင်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မီးသတ်ယာဉ်(၆)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၉ နာရီ ၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

အဆိုပါ မီးလောင်မှုကြောင့် နှစ်ထပ်တိုက်တစ်လုံးနှင့် ဆိုင်ကယ်(၂)စီးမီးလောင်ဆုံးရှုံးပြီး လူနှင့် တရိစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း၊ မီးလောင်မှုကြောင့် ဦးဝေယံမြင့်အား ပျဉ်းမနားမြို့နယ် မြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)