နေပြည်တော် နိုဝင်ဘာ ၁၃

ပျဉ်းမနားသကြားစက်ရုံဝင်းအတွင်း ရေဘေးသင့်ဝန်ထမ်း အိမ်ထောင်စုများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စက်ရုံစုဝေးဆောင်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် တာဝန်ရှိသူများ၊ ရေဘေးသင့်ဝန်ထမ်း အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးမိသားစုများ၏ မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင်  ပြန်လည်ထူထောင်နိုင်ရေး၊ ရေဘေးသင့် စက်ရုံဝန်ထမ်း အိမ်ထောင်စု (၂၅၂)စုအတွက် စုစုပေါင်း ငွေကျပ် ၅၁,၁၅၆,၀၀၀ ကျပ် တန်ဘိုးရှိ မိသားစုသုံး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြကာ ရေဘေးသင့်ဝန်ထမ်း အိမ်ထောင်စုဝင်များကို ရင်းနှီးခင်မင်စွာ တွေ့ဆုံအား ပေးစကားပြောကြားသည်။

ဆက်လက်၍ ရေကြီးရေလျှံမှုများကြောင့် ပျဉ်းမနားသကြားစက်ရုံဝင်းအတွင်းရှိ သကြားစက်ရုံများ၊သိုလှောင်ရုံများ၊ဝန်ထမ်းနေအိမ်များကိုရွှံ့နွံနှင့် နုံးများဖုံးလွှမ်းမှုဖြစ်ပေါ်ခဲ့ သည့် ရေဘေးသင့်ဝန်ထမ်း အိမ်ထောင်စု(၂၅၂)စု အတွက် အိမ်ထောင်စု ၁ စုလှျင် လီတာ ၂၀၀ ဆံ့ ရေတိုင်ကီ ၁ လုံး၊ ပစ္စည်းထည့်ပုံးကြီး ၁ လုံး၊ ပုံးဝိုင်းကြီး ၁ လုံးနှင့် ရေပုံး ၂ လုံး တို့ကို  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်