ပါရီညီလာခံ၌ လစ်ဗျားငြိမ်းချမ်းရေး ဆွေးနွေး

ထရီပိုလီ နိုဝင်ဘာ ၁၄

အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲ၌ ကမ္ဘာ့ခေါင်းဆောင်များတွေ့ဆုံပြီး လစ်ဗျားနိုင်ငံအရေး ဆွေးနွေးခဲ့ကြသည်။ လာမည့်လအတွင်း စစ်ဘေးဒဏ်ခံ လစ်ဗျားနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် ပါတီညီလာခံကို ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ အဆိုပါ ညီလာခံသို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၊ အမေရိကန် ဒုတိယသမ္မတ ကာမလာဟားရစ်၊ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်နှင့် နိုင်ငံအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

မြောက်အာဖရိကနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအုပ်စု စေလွှတ်ရန်နှင့် ပြီးခဲ့သည့်နှစ်အတွင်း ပြုလုပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးကိုစောင့်ကြည့်မှုများပြုလုပ်ရန် သဘောတူခဲ့သည်။ လစ်ဗျားပြည်တွင်းစစ်အတွင်း ပါဝင်ခဲ့ကြသည့် နိုင်ငံခြားသားတပ်ဖွဲ့များကို ပြန်လည်ဆုတ်ခွာစေရေး အတွက်လည်း ညီလာခံသို့ တက်ရောက်လာကြသည့်နိုင်ငံများက တောင်းဆိုခဲ့ကြသည်။

လစ်ဗျားနိုင်ငံအတွင်း ပဋိပက္ခများကြောင့် အရှေ့ ပိုင်းနှင့် အနောက်ပိုင်းဟူ၍ နှစ်ပိုင်းကွဲနေသည်။ လစ်ဗျားနိုင်ငံ၌ တိုင်းပြည်စည်းလုံးညီညွတ်စေရန် ရည်ရွယ်ချက်ဖြင့် ပါလီမန်ရွေးကောက်ပွဲနှင့် သမ္မတ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၄ ရက်တွင်ပြုလုပ်ရန် စီစဉ်ထားသည်။

အင်န်အိတ်ချ်ကေ