ပရိဝုဏ်နားသော်မျှ ရွက်ဖျားရယ် မခတ်စေလို

mdn

သတင်းဆောင်းပါး - မြင့်စိုး (နတလ)

 

မွေးရပ်မြေသို့ အပြန်ခရီးမှာ

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့တုန်းက မွေးရပ်မြေ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အနောက် ခြမ်းရှိ ဇာတိရွာသို့ တစ်ခေါက်ရောက်ဖြစ်ခဲ့ရပြန်သည်။ မဖြစ်မနေ သွားရောက်ခဲ့သည့် အကြောင်းရင်းက နှစ်ချက် ဖြစ်၏။ ပထမတစ်ချက်မှာ ပန်းတောကြီးအထကနှင့် လှော်ကထားအထကကျောင်း စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူရန်ဖြစ်သည်။ ဘာစာအုပ်တွေ များပါလိမ့်၊ ကျွန်တော်ရှင်းလင်းတင်ပြပါမည်။ လာမည့် စာသင်နှစ်မှာ စစ်ကိုင်း (ရွာသစ်ကြီး)ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်သို့ လေးမျက်နှာမြို့နယ် အနောက်ခြမ်း ကျေးရွာများဖြစ်သော လယ်ဦးစု၊ လယ်တန်ငယ်၊ ဂွေးတောက်ကွင်းကျေးရွာတို့မှ ကလေးသုံးဦး တက်ရောက်ခွင့်ရခဲ့သည်။ သူတို့လေး တွေကို ကျွန်တော်ကိုယ်တိုင် စစ်ကိုင်းအထိ ကားနှင့် လိုက်ပို့ပေးပြီး ထိုခရီးမှအပြန် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)နှင့်(ရန်ကုန်)တို့မှ ထုတ်ဝေခဲ့သော နှစ်လယ်မဂ္ဂဇင်းစာအုပ်များရရှိရေးကို သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဝန်ထမ်းများထံမှ အကူအညီတောင်းခံရယူစုဆောင်းခဲ့ပါသည်။ မိမိတို့နယ်မှ ကလေးများ ပညာရေးဘွဲ့ B.Ed (၅)နှစ်သင်တန်း တက်ရောက်ခွင့်အပြင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် များသို့ တက်ရောက်ခွင့်ရရှိကာ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ရဝန်ထမ်းများ၊ အင်ဂျင်နီယာဘွဲ့ရဝန်ထမ်းများ ဖြစ်လာစေချင်ပါသည်။

 

ဒီလိုဖြစ်လာဖို့ရာ ထိုတက္ကသိုလ်၊ ဒီဂရီကောလိပ် များကို မည်သို့သောရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားပေးနေသည်၊ မည်သည့်ဘာသာရပ်များ သင်ကြားပေးနေ သည်၊ မည်ကဲ့သို့ ပြုစုစောင့်ရှောက်ပျိုးထောင်ပေးနေသည်၊ မည်သည့်ဘွဲ့များ အပ်နှင်းပြီး အလုပ်ခန့်အပ်လွှာ ပေးအပ်သည်။ ဆက်လက်သင်ယူနိုင်သော အခွင့်အလမ်းများက ဘာတွေရှိနေသည် ဆိုသည်များကို သိထားမှဖြစ်ပေလိမ့်မည်။ သည်စာအုပ်တွေကို ဖတ်ရှုလေ့လာခြင်းဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒနှင့်လုပ်ငန်းစဉ်တွေ၊ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များအကြောင်း သိမှတ်ဖွယ်ရာတွေကိုဂဃနဏ သိရှိလာကြမည်ဖြစ်သည်။ ဟင်္သာတမှတစ်ဆင့် လေးမျက်နှာမြို့သို့လည်းကောင်း၊ ထိုမှငဝန်တံတား (လေးမျက်နှာ)ကို ဖြတ်ကူးပြီး နင်းကြမ်းပန်းတောကြီးလမ်းအတိုင်းမောင်းနှင်ကာ ပန်းတောကြီး အထကအတွက် စာအုပ်များ ဝင်ရောက် လှူဒါန်းသည်။ ၎င်းမှ ပုသိမ်-မုံရွာလမ်းအတိုင်း လှော်ကထားစိန်တောင် ရွာသို့ဆက်လက်သွားရောက်ခဲ့သည်။ အထက လှော်ကထားမှာတော့ စာအုပ်လှူဒါန်းခြင်းအပြင်ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ထိုတက္ကသိုလ်၊ ဒီဂရီကောလိပ် များ အကြောင်း ရှင်းလင်းပြောကြားခွင့်ရခဲ့သည်။

 

ထူပါရုံကိုဖူးခဲ့သည်

 

 မွေးရပ်မြေသို့ ပြန်သည့်အခါ များသောအားဖြင့် ညောင်တုန်းမှတစ်ဆင့် ကျောင်းကုန်း-ရေကြည်-ငါးသိုင်း ချောင်းလမ်းအတိုင်း ပုသိမ်-မုံရွာ ကားလမ်းမှသွားနေကျ ဖြစ်ပါသည်။ သို့သော် ယခုတစ်ခေါက်တွင်မူ ညောင်တုန်း လမ်းခွဲမှ ဓနုဖြူ -ဇလွန်-ဟင်္သာတလမ်းအတိုင်း မောင်းနှင်ကာ လေးမျက်နှာသို့ဝင်ခဲ့သည်။ လေးမျက်နှာသို့ ဝင်ရောက်ခဲ့ခြင်းမှာ မဖြစ်မနေသွားရောက်ရသည့် ဒုတိယအကြောင်းရင်းတစ်ရပ်ဟု ပြောရပါလိမ့်မည်။ ငဝန်မြစ်အနောက်ခြမ်းခတ္တုပိုင်းတွင် တည်ထားတော်မူခဲ့ သော စတုမုခထူပါရုံစေတီတော်မြတ်ကြီးကို ဖူးမြော်လို၍ ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် ဖူးမြော်လိုခြင်း သည် ယခင်အခေါက်များနှင့်မတူ၊ စိုးရိမ်စိတ်တွေ၊ ထိတ်လန့်မှုတွေ၊ ယူကျုံးမရနှမြောတသစိတ်တွေ ရောပြွမ်းကာ ပူလောင်နေသလို ခံစားရသည်။ ကျောက်စီ မြေထိန်းနံရံဖြင့် ကမ်းပါးဆယ်ထားသောနေရာမှ အစိတ် အပိုင်းတချို့ ပြိုကျသွားသောကြောင့် မုခ်ဦး တန်ဆောင်းနှင့် သာသနိက အဆောက်အဦအချို့ ထိခိုက်ပျက်စီးကာ အရှေ့ဘက် ခြမ်းမှ တံခွန်တိုင်နှင့် အရံစေတီများအနီးသို့ ကမ်းက ကပ်သွားပြီဖြစ်သည်။

 

ကျောက်စီမြေထိန်းနံရံပြိုကျမှုကိုလေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းသွား ရောက်ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ ညှိနှိုင်းတင်ပြထားကြောင်း သတင်းဓာတ်ပုံများ တက်လာ သောကြောင့် သိရှိလိုက်ရခြင်းဖြစ်သည်။ အကယ်၍ ကမ်းထိန်းလုပ်ငန်းမအောင်မြင်ခဲ့သော် နောက်ဆုံးဖူးမြော်ရခြင်းများ ဖြစ်နေမလားဆိုသည့် စိုးရိမ်သောကများက ရင်ကိုလောင်မြိုက်နေကြောင်း သတိပြုမိသည်။ ကျွန်တော် ရောက်သွား သည့်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးလည်း လာရောက်ဖူးမြော်ကြည့်ရှုကာ မြို့မိမြို့ဖ များနှင့် တွေ့ဆုံ သွားကြောင်း သိရသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းကလည်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးစိုးခိုင်နှင့် ဦးစိုးသန်းတို့သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးကြည့်ရှုကာ ကမ်းဆယ်မှုလုပ်ငန်းများ အမြန် အကောင်အထည်ဖော် ဆောင်ရွက်ရေး ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။

 

တစ်ခါတုန်းက လေးမျက်နှာ

 

လေးမျက်နှာမြို့သည် ရှေးယခင်က လှေများဖြင့် အထက်မှအောက်၊ အောက်မှအထက်သို့လည်းကောင်း၊ ကတ္တုများဖြင့် ပင်လယ်ပြင်အထိလည်းကောင်း ကူးသန်း သွားလာ ရောင်းဝယ်ဖောက်ကားခဲ့သော အရပ်ဒေသဖြစ်သည်။ ငဝန်မြစ်ကြောင်း အတိုင်း ပုသိမ်၊ ဒဂုံ၊ မုတ္တမ၊ ရခိုင်နှင့် ထိုင်းနိုင်ငံတို့သို့ သွားလာခဲ့ကြောင်းနှင့် ရေလမ်းခရီးအတွက် အချက်အချာ ကျခဲ့ကြောင်းလည်း သိရှိရသည်။ လက်ရှိ  ခတ္တုရပ်ကွက်သည် ကလှေများကို သညာပြု၍ | ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရ၏။ ၁၈၈၂ ခုနှစ်မှစ၍ ဧရာဝတီ ဖလိုတီးယားကုမ္ပဏီမှ သင်္ဘောများပြေးဆွဲခဲ့သည့် ဆိပ်ကမ်းမြို့ ဖြစ်ခဲ့သည်။ ၁၉၀၂ ခုနှစ်တွင် ပုသိမ်-ဟင်္သာတ ရထားလမ်း ဖွင့်ခဲ့သောကြောင့် အိုင်သပြုမှ ခမောက်စုဘူတာသို့ သွားရောက်ကာ ရထားလမ်းကို အားထားသွားလာနိုင် ခဲ့သည်။

 

လေးမျက်နှာမြို့ဟောင်းသည် ထိုအချိန်က ငဝန်မြစ်ကမ်းအတိုင်း သုံးမိုင်ကျော် ရှည်လျားသည့် မြို့ဖြစ်ခဲ့ ပြီး ရပ်ကွက်ကြီးသုံးခု၊ ရပ်ကွက်ငယ် ၁၅ ခုတို့ဖြင့် ဖွဲ့စည်း ထားကာ အထူးစည်ကားခဲ့သည်။ ခတ္တူရပ်ကွက်တွင် အလယ်ရွာ၊ အလယ်အရှေ့ရွာ၊ ခတ္တူမြောက်၊ ခတ္တာတောင် (ကိုင်းကုန်းစု)၊ ခတ္တုအိုးတန်းတို့ တည်ရှိခဲ့ပြီး မြို့မရပ်ကွက် တွင် ငှက်ပျောတောတာကြီးတန်း၊ ညောင်ဝိုင်းဗူးဘုရားပိုင်း၊ ရှမ်းတန်း၊ ပွဲစားတန်း၊ အလယ်ရပ်(ပြည်လုံးချမ်းသာ)။ ခုံကြီးရပ်ကွက်တွင် ဈေးကလေးပိုင်း၊ ဈေးကလေးအနောက် (အညာတန်း)၊ ထန်းတော၊ ခုံကြီးမြောက်၊ ညောင်ပင်စု၊ ကသစ်တန်းစသည်ဖြင့် အိမ်ခြေ ၂၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။ တစ်ချိန်က လေးမျက်နှာမြို့ထွက် သင်ဖျာကို ဝိတိုရိယဘုရင်မကြီးအတွက် လက်ဆောင်ပေးခဲ့ဖူးကြောင်း၊ ရက်ကန်းလုပ်ငန်း၊ ခတ္တုအိုးလုပ်ငန်း၊ ဆေးလိပ်ခုံလုပ်ငန်း များ တွင်ကျယ်ခဲ့ကြကြောင်း၊ သူဌေးကြီး ဦးဘစိုနှင့် ဇနီး ဒေါ်ရွှေပု၏သားများ အင်္ဂလန်သို့ ပညာတော်သင်သွား နိုင်ခဲ့ကြကြောင်း ကြားဖူးနားဝရှိခဲ့ရသည်။ ၁၉၂ဝ ပြည့်နှစ် ခန့်မှစ၍ ငဝန်မြစ်ရေတိုက်စားမှုဒဏ်ကို ခံလာခဲ့ရသည်။ ကမ်းပြိုမှုကြောင့် ဆုတ်ရင်း၊ ရွှေ့ပြောင်းရင်း မြို့လေးက ကွေ့ကွေ့ကောက်ကောက် ဖြစ်လာသည်။ မြို့အဖြစ် ရပ်တည်ရန် မဖြစ်နိုင်တော့သည့်အဆုံး၌ ၁၉၉၃ ခုနှစ်တွင် လေးမျက်နှာမြို့သစ်ကို ငဝန်မြစ်အရှေ့ဘက်ကမ်း လက်ရှိနေရာ၌ ရွှေ့ပြောင်းတည်ထားခဲ့ကြသည်။ ထူပါရုံစေတီတော် ကြီးနှင့် ခတ္တုရပ်ကွက်၊ ခုံကြီးပိုင်းရပ်ကွက်တို့ မြစ်အနောက် ဘက်ခြမ်းတွင် ကျန်ရစ်ခဲ့ပါသည်။

 

သမိုင်းအစဉ်အလာနှင့် ထူပါရုံစေတီတော်

 

စေတီတော်ကြီးကို မြန်မာသက္ကရာဇ် ၄၂ဝ ပြည့်နှစ်တွင်  ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးက ဉာဏ်တော် ၄၅ တောင် ဖြင့် စတင်တည်ထားခဲ့ပြီး ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ခေတ်များ၌ ပျက်စီးယိုယွင်းလာကာ ချုံနွယ်ပိတ်ပေါင်းများ အောက်သို့ ရောက်ခဲ့သည်။ အလောင်းမင်းတရား လက် ထက် ၁၁၁၅ ခုနှစ်တွင် စေတီပျက်အားငုံလျက် ဉာဏ်တော် ၇၅ တောင်အမြင့်ဖြင့် အသစ်တစ်ဖန်ပြန်လည်တည်ထားခဲ့ရာ မုခ်အပေါက်ပါ အရံစေတီလေးဆူကိုပါ ထည့်သွင်းတည် ထားသောကြောင့် စတုမုခဟူ၍ စေတီတော်ဘွဲ့ အမည်သမုတ်ခဲ့ကြသည်။ နောင်နှစ်ပေါင်း ၅၀ ကျော် ၁၁၆၅ ခုနှစ်တွင် မြန်မာဘုရင်၏ ပဲ့နင်းကြီးသမန္တက စေတီတော် ကြီးကိုပြုပြင်မွမ်းမံခြင်း၊ ဗုဒ္ဓဓာတ်တော်များနှင့် အရံစေတီများ ထပ်မံတည်ထား ကိုးကွယ်ခြင်းတို့ကြောင့် စတုမုခထူပါရုံ စေတီတော်ဟူ၍ လူသိများထင်ရှားကျော်ကြားလာခဲ့သည်။ ၁၉၆၅ ခုနှစ်ခန့်က မြို့သူမြို့သား များ ငါးပြားအသင်းဖွဲ့၍ လူတစ်ဦး တစ်နေ့ငါးပြား စုဆောင်းကာ စေတီတော်ကြီး၏ ပန်းတင်ခုံ ကွက်လပ် များတွင် စေတီရံ ၁၇ ဆူ တည်ထားနိုင်ခဲ့ကြသည်။ အရှေ့ဘက်စေတီရံလိုဏ်အတွင်းမှ မတ်ရပ်ကျောက် ဆင်းတုကိုယ်တော်သည် ဆုတောင်းပြည့်ဘုရားအဖြစ် လူသိများထင်ရှားခဲ့သည်။ စေတီတော်ကြီးအား ၁၃၃၀ ပြည့်နှစ်၊ ၁၃၅၀ ပြည့်နှစ်၊ ၁၃၇၃ ခုနှစ်တို့၌ ထီးတော်အသစ် တင်လှူပူဇော်ခဲ့ကြ၏။

 

ကမ်းထိန်းလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်

 

သမိုင်းဝင်ထူပါရုံစေတီတော်မြတ်ကြီး ရေတိုက်စား မှုမခံရရေးအတွက် လေးမျက်နှာမြို့နယ် ဇာတိဖွား နိုင်ငံ တော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌ ဂုရု အဘိဓဇ မဟာသဒ္ဓမ္မဇောတိက ရွှေကျင်သာသနာပိုင် ကျေးဇူးတော်ရှင် ရွှေဟင်္သာဆရာတော်ကြီးက ဦးဆောင် ဦးရွက်ပြု၍ ၁၉၉၂ ခုနှစ်တွင် ကမ်းထိန်းလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင် အခြေ အနေ ပိုမိုဆိုးရွားလာသောကြောင့် ဦးဘစိုဓမ္မာရုံကြီးကို အနောက်ဘက်သို့ ပြောင်းရွှေ့ ဆောက်လုပ်ခဲ့ရသည်။ စေတီတော်ရင်ပြင် အရှေ့တောင်ထောင့် ပြိုကျသဖြင့် အာရုံခံတန်ဆောင်းအား ဖျက်ခဲ့ရပြီး ရုပ်ပွားတော်များကို ပြောင်းရွှေ့ ပူဇော်ခဲ့သည်။ ထိုကြောင့် ဩဝါဒါစရိယ ဆရာ တော်များ၏ လမ်းညွှန်မှုဖြင့် ဂေါပကအဖွဲ့နှင့် မြို့မိမြို့ဖ များက နိုင်ငံတော်အစိုးရသို့တင်ပြပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့်မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထူပါရုံစေတီတော် ကမ်းထိန်းလုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စ၍ အထူးအစီအစဉ်ဖြင့် စတင်ဆောင်ရွက်ပေးခဲ့သည်။

 

ဆုမွန်ကောင်းတောင်းအပ်ပါသည်

 

 သမိုင်းဝင်ဘုရားတစ်ဆူဖြစ်စေ၊ သမိုင်းဝင်အဆောက်အဦတစ်ခုဖြစ်စေ၊ သို့တည်းမဟုတ် မည်သည့် သမိုင်းဝင်တန်ဖိုးရှိပစ္စည်း တစ်မျိုးမျိုးဖြစ်စေ အကြောင်းတစ်ခုခုကြောင့် ဆုံးရှုံးလိုက်ရပါက နိုင်ငံအတွက် ဆုံးရှုံးမှု ပင် ဖြစ်ပါလိမ့်မည်။ အချို့သောသမိုင်းဝင် အရာဝတ္ထု ပစ္စည်းများသည် တန်ဖိုးဖြတ်၍ မရနိုင်ပါ။ ၂၀၁၅ ခုနှစ် ဇွန်လတုန်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့သို့ သွားရောက်ကာ တိုးမြစ်ကမ်းနဖူးတွင် တည်ထားသော မုနိရာမာရုဏေ မြို့ဦးပေါ်တော်မူ ရွှေစေတီ မြစ်ကမ်း ထိန်းသိမ်းရေးလုပ်ငန်း ရေစက်ချအလှူမင်္ဂလာ အခမ်း အနားကို တက်ရောက်ခွင့်ရခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် တိုးမြစ်ရေတိုက်စားမှုထပ်မံ ဖြစ်ပေါ်လာသည့်အတွက် ကွန်ကရစ်ဘိုးပိုင်စနစ်ဖြင့် ကျောက်စီမြစ်ကမ်းထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မအူပင်မြို့သူ မြို့သားများနှင့် သက်ဆိုင်ရာဝန်ထမ်းများ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ် အတွက် ဝမ်းမြောက်နုမော် သာဓုခေါ်ခဲ့မိသည်။ ယခုလည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ စိတ်အား ထက်သန်စွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြသော စတုမုခထူပါရုံစေတီတော်ကြီး၏ ကမ်းထိန်းလုပ်ငန်းများ အောင်မြင်ပြီးလျှင် သမိုင်းဝင်အမွေအနှစ်များ ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ခွင့်ရကြ ပါစေကြောင်း ဆုမွန် ကောင်းတောင်းအပ်ပါသည်။ ။