ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း (ပထမအကြိမ်) လူထုတွေ့ဆုံပွဲ ကျင်းပ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော PTTEP SA ကုမ္ပဏီ မှ ကမ်းလွန်လုပ်ကွက်အမှတ် MD -7 တွင် တူးဖော်ရေးလုပ်ငန်းများ မဆောင်ရွက်မီ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း(ပထမအကြိမ်)လူထုတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဇေယျာထက်စံဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ကိုယ်စားလှယ် ဒေါ်စောသန္တာက နှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာသူများအား PTTEP SA ကုမ္ပဏီ၏ ဆောင်ရွက်နေသော လုပ်ငန်းများကို ဗီဒီယို ဖိုင်ဖြင့် ရှင်းလင်းတင်ပြသည်။

 

ထိုနောက် PTTEP SA ကုမ္ပဏီ မှ တူးဖော်ရေးအင်ဂျင်နီယာ ဦးဝဏ္ဏဝင်းက ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖော်ရေး လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး Environmental Resources Management (ERM) နှင့် Sustainable  Environment Myanmar (SEM) အကြံပေးကိုယ်စားလှယ်များက PTTEP SA ကုမ္ပဏီ နှင့် လုပ်ကွက်အမှတ် MD -7 ၏ စီမံကိန်းသတင်းအချက်အလက်များအကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအကြောင်း၊ ပြည်သူလူထုနှင့်တွေ့ဆုံ ဆွေးနွေးခြင်း လုပ်ငန်းစဉ်များအကြောင်း၊ အခြေခံအချက်အလက်များအကြောင်း၊  စီမံကိန်းကြောင့် ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများအကြောင်းကို ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ကိုယ်စားလှယ် ဒေါ်စောသန္တာ ၊ PTTEP SA ကုမ္ပဏီ တူးဖော်ရေးအင်ဂျင်နီယာ ဦးဝဏ္ဏဝင်းနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

(ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာန)