ပုဗ္ဗသီရိမြို့နယ်၌ ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ပုဗ္ဗသီရိ မေ ၁၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး ပုဗ္ဗသီရီ မြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နှင့် ပူးပေါင်းဖွင့်လှစ်မည့်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည် ပြုလုပ် နည်း သင်တန်းဖွင့်ပွဲကို မေ ၁၈ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ စာသင်ကျောင်းဆောင်၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးမျိုးက အမှာစကားပြောကြားသည်။ ထို့နောက် ပုဗ္ဗသီရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က အဆိုပါသင်တန်းသည်  အရင်းအနှီးနည်းပါးခြင်း၊ ပြုလုပ်ရလွယ်ကူခြင်း၊ ကုန်ကြမ်းလက်လှမ်းမီ ဝယ်ယူရရှိနိုင်ခြင်းနှင့် တပိုင်တနိုင်စီးပွားဖြစ်ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် ဆပ်ပြာဆီအမျိုးမျိုးပြုလုပ်နည်း၊ ဆပ်ပြာခဲအမျိုးမျိုးပြုလုပ်နည်းနှင့် သဘာဝခေါင်းလျှော်ရည် ပြုလုပ်နည်းများကို မေလ ၁၈ ရက်မှ ၂၇ ရက်ထိ ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သာယာဝှမ်းကျေးရွာနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသူသင်တန်းသား ၂၀   တက်ရောက်သင်ယူကြကြောင်း သိရသည်။

ကိုလှိုင်