ပုဂ္ဂလိကပညာရေးဥပဒေနှင့်အညီ သင်ကြားရေး အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီနှင့် ဆွေးနွေးညှိနှိုင်း

နေပြည်တော် ဇွန် ၃၀

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဝင်များနှင့် Virtual စနစ်ဖြင့် တွေ့ဆုံကာ ပုဂ္ဂလိကပညာရေးဥပဒေနှင့်အညီ သင်ရိုးညွှန်းတမ်းများ သင်ကြားရေး ဆွေးနွေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကပညာရေးဥပဒေကို ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၅၀/၂၀၂၃ ဖြင့် ပြဌာန်းခဲ့ ကြောင်း၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက အခြေခံပညာကျောင်းများသည် အဆိုပါ ဥပဒေ ပုဒ်မ ၃၂ (က) (ခ) နှင့် (ဂ) တို့တွင် ဖော်ပြထားသော ပြဌာန်းချက်များနှင့်အညီ သင်ရိုးညွှန်း တမ်းများကို လိုက်နာသင်ကြားကြရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၃၂ (က)တွင် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနှင့်သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာ ကျောင်းများမှအပ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်းများတွင် ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင်အပါအဝင် အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီကသတ်မှတ်ထားသည့် သင်ရိုး ညွှန်းတမ်းအပြည့်အစုံကို သင်ကြားခြင်းဟု ပြဌာန်းထားရာ ပြဌာန်းထားသော ဘာသာရပ်အားလုံးကို သင်ရိုးညွှန်းတမ်းအပြည့်အစုံ သင်ကြားရန်ဖြစ်ကြောင်း။

 

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများအနေဖြင့် ကျောင်းသား ကျောင်းသူများ မြန်မာ့ယဉ် ကျေးမှုဓလေ့ ထုံးတမ်းများကို မြတ်နိုးလေးစား တန်ဖိုးထားတတ်စေရန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန် ထက်မြက်စေရန် အလေးထားသင်ကြားပေးရေးအတွက် ဝိုင်းဝန်းလက်တွဲ အကောင်အထည်ဖော်ပေးကြ စေလိုကြောင်း ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဤကောင်းမွန်သော အလေ့အကျင့်များ၊ စိတ်ဓာတ်ကောင်းများကို သင်ရိုးညွှန်းတမ်းနှင့် သင်ကြားမှုစနစ်များက ပြုစုပျိုးထောင်ပေးနိုင်သဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူလျက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသော အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဝင်များနှင့် ဥပဒေပညာ ပါမောက္ခများက ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)