ပုဂံ Road Race တာဝေးစက်ဘီးစီးပြိုင်ပွဲတွင် ဒိုင်ဖြစ်သူ ယာဉ်တိုက်ခံရပြီးနောက် ပြိုင်ပွဲကို ရပ်ဆိုင်းလိုက်ရ

မန္တလေး  ၂၃  ဖေဖော်ဝါရီ 

 

ပုဂံ Road Race တာဝေးစက်ဘီးစီးပြိုင်ပွဲတွင် ဒိုင်ဖြစ်သူ ယာဉ်တိုက်ခံရပြီးနောက် ပြိုင်ပွဲကို ရပ်ဆိုင်းလိုက်ကြောင်း  မြန်မာနိုင်ငံ စက်ဘီးစီးအားကစားအဖွဲ့ချုပ်မှ သိရသည်။

 

ပုဂံ Road Race တာဝေးစက်ဘီးစီးပြိုင်ပွဲကို ယနေ့စတင်ကျင်းပခြင်းဖြစ်ပြီး တာထွက်ပြီး ၁၄ မိုင်ခန့်အရောက်တွင်  ဒိုင်ဖြစ်သူ ကိုအောင်မျိုးနိုင်ကိုယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိကြောင်း သိရသည်။ ယာဉ်တိုက်မှုကြောင့်  ဒိုင်ဖြစ်သူ ကိုအောင်မျိုးနိုင်သည် ပြင်းထန်စွာ ဒဏ်ရာရရှိကာ ပခုက္ကူ ဆေးရုံအပို့တွင် လမ်း၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။ 

 

"ပုဂံက အထွက် မြင်းခြံလမ်းပေါ်မှာဖြစ်တာပါ။ ကားက အရှိန်များပြီး ဝင်တိုက်မိတာပါ။ ဒီမှာလည်း နာရေးကိစ္စနဲ့ဆိုတော့ ပြိုင်ပွဲကို ရပ်ဆိုင်းလိုက်ပါတယ်'' ဟု  မြန်မာနိုင်ငံ စက်ဘီးစီးအားကစားအဖွဲ့ချုပ် ဘဏ္ဍာရေးမှူး ဦးအောင်နိုင်မိုးက ပြောသည်။

 

ယာဉ်တိုက်ခံရသူသည် အားကစားနှင့် ကာယပညာဦးစီးဌာန၏ ဦးစီးအရာရှိတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ စက်ဘီးအားကစား အဖွဲ့ချုပ်တွင် အဖွဲ့ဝင်ဖြစ်ကြောင်း သိရသည်။ 

 

မြန်မာနိုင်ငံ စက်ဘီးအားကစား အဖွဲ့ချုပ် (MCF) နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကာ ပထမဦးဆုံးအကြိမ် ပုဂံ Road Race တာဝေးစက်ဘီးစီးပြိုင်ပွဲကြီးကို ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး ယခုအခါ ပြိုင်ပွဲကိုရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

 

ယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ မောင်းနှင်သည့် ယာဉ်မောင်းအား ညောင်ဦးရဲစခန်းမှ အရေးယူခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

 

အိမို့မို့ခိုင်