ပုဂံက ရှေးအကျဆုံး ဟိန္ဒူဘုရားကျောင်း နတ်လျောင်း

၁၉  စက်တင်ဘာ

ကျွန်တော်တို့နိုင်ငံမှာ အိန္ဒိယဗြဟ္မဏ ကိုးကွယ်ယုံကြည်မှုဟာလည်း ထွန်းကားခဲ့သေးတယ်လို့ ဆိုနိုင်ပါတယ်။ ပုဂံမတိုင်ခင် ပျူခေတ်ကတည်းက ကိုးကွယ်ယုံကြည်သက်ဝင်သူများ ရှိနေခဲ့ပြီး သရေခေတ္တရာနဲ့ ဗိဿနိုးမြို့တွေရဲ့ အဆောက်အအုံနဲ့ သမိုင်းအထောက်အထားတွေအရ ထင်ထင်ရှားရှား သိရနိုင်ပါတယ်။ ပုဂံမှာ ဗုဒ္ဓဘာသာ စေတီပုထိုးအုတ်ကျောင်းတွေ များစွာကြားမှာ ထူးထူးခြားခြားလေး တည်ရှိနေတာကတော့ နတ်လျောင်းဟိန္ဒူဘုရားကျောင်းဆောင်လေးပဲ ဖြစ်ပါတယ်။ ဒီကျောင်းကို ကျွန်တော်လည်း အရင်ကတည်းက သတိပြုမိပေမယ့် သမိုင်းအချက်အလက်တွေနဲ့ ဆက်စပ်စဉ်းစားဆင်ခြင်မိတာမျိုး သိပ်မရှိခဲ့တော့ ဒီအတိုင်းလေးဓာတ်ပုံရိုက်ပြီး ပြန်ခဲ့တာများတယ်။ ခုတစ်ခေါက်တော့ ပိုပြီးဖတ်မှတ် လေ့လာဖြစ်မှ စိတ်ဝင်စားစရာ ကောင်းတယ်ဆိုတာ သိလိုက်ရပါတယ်။

နတ်လျောင်းကျောင်း သို့မဟုတ် နတ်လှောင်ကျောင်း

ဒီဘုရားကျောင်းကို နတ်လှောင်ကျောင်းလို့လည်း သိကြသေးတယ်။ အနော်ရထာမင်းကြီးက နတ်ကိုးကွယ်မှုကို တိုက်ဖျက်တဲ့အနေနဲ့ နတ်တွေကို လှောင်ပိတ်ချုပ်နှောင်ထားတဲ့နေရာလို့လည်း ယူဆပြောဆိုခဲ့ကြသေးတယ်။ အဲဒါကြောင့်လည်း နတ်လှောင်ကျောင်းရယ်လို့ ပြောဆိုကြတာ ဖြစ်နိုင်ပါတယ်။ တကယ်တမ်း ဖြစ်နိုင်ချေရှိတာကတော့ အထဲမှာရှိနေတဲ့ ဗိဿနိုးနတ်မင်းကြီး ရုပ်တုက လဲလျောင်းနေပုံ ထုဆစ်ထားတာရှိတာကြောင့် နတ်လျောင်းကျောင်းလို့ ခေါ်တွင်ခဲ့တာလို့ ဖတ်မှတ်ရပါတယ်။ ခုထိလည်း စာအုပ်တွေမှာရော လူတွေရဲ့ အခေါ်အပြောမှာပါ နတ်လှောင်ကျောင်းဖြစ်လိုက် နတ်လျောင်းကျောင်းဖြစ်လိုက် ဖြစ်နေတုန်းပါပဲ။ နတ်လျောင်းကျောင်းရဲ့ ဘွဲ့အမည်ကိုတော့ တမီလ်ဘာသာနဲ့ ရေးထိုးထားတဲ့ ကျောက်စာမှာ “နာနာ ဒေစီဗွင်နာဂရအလဝါ ဘုရားကျောင်း”လို့ ခေါ်ဆိုကြောင်း သိရပါတယ်။

 

TH 001

ဗိဿနိုးနတ်မင်းရဲ့ ၁၀ ဘဝဖြစ်စဉ်များ ရှိရာကျောင်း

၁၁ ရာစုက တည်ဆောက်ခဲ့တဲ့ နတ်လျောင်းကျောင်းဟာ လေးထောင့်အုတ်တိုက်ဖြစ်ပြီး အထက်မှာ ကွမ်းတောင်ထည့်သွင်းတည်ဆောက် ထားပါတယ်။ အတွင်းမဏ္ဍိုင်လေးဖက်မှာ ဗိဿနိုးနတ်မင်းရဲ့ရုပ်တုတွေ ပူဇော်ထားရှိပြီး၊ အပြင်ဘက် နံရံမုခ်ကပ်တွေမှာတော့ ဗိဿနိုးနတ်မင်းရဲ့ ၁၀ ဘဝဖြစ်စဉ်တွေကို ရုပ်တုတွေနဲ့ ထုဆစ်သရုပ်ဖော်ထားပါတယ်။ မစ္ဆငါးမင်းဘဝ၊ ကုရ်မလိပ်မင်းဘဝ၊ ဝါရဟဝက်မင်းဘဝ၊ နရသီဟ ခြင်္သေ့မင်းဘဝလို တိရစ္ဆာန်ဘဝတွေအပြင် ကြာပလ္လင်မှာ ထိုင်နေဟန်၊ ရပ်တော်မူနေဟန်စတဲ့ ကိုယ်နေဟန် အမျိုးမျိုးနဲ့ ရုပ်တုတွေကိုလည်း မြင်တွေ့ကြရပါသေးတယ်။ ဒီ ၁၀ ဘဝ သက်တော်စဉ်မှာ ကိုးဘဝမြောက်ဟာ ဂေါတမဘုရားဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် အဲဒီမှာလည်း ဖူးမြင်တွေ့နိုင်ဦးမှာပါ။ ဗိဿနိုးနတ်မင်းရဲ့ ဘဝသက်တော်စဉ်တွေထဲမှာ ကျန်စစ်သားမင်းနဲ့ ရာမမင်းတို့လည်း ပါဝင်တယ်လို့ ယူဆရေးသားထားတာကိုလည်း ရှေးရာဇဝင်ကျမ်းတွေမှာ ဖော်ပြကြောင်း ရေးသားထားတာမျိုး ဖတ်ဖူးခဲ့ပါသေးတယ်။ ဒီနတ်လျောင်းကျောင်းက ၁၀ ဘဝဖြစ်စဉ်မှာတော့ သူတို့ရဲ့ရုပ်တုတွေ မပါဝင်ပါဘူးနော်။ ကြုံတုန်းစကားစပ်မိလို့ ပြောပြတာပါ။

TH 004

ထူးခြားတဲ့ လှဲလျောင်းနေပုံ ဗိဿနိုးနတ်မင်း ရုပ်တု

နတ်လျောင်းကျောင်းထဲကို ဝင်သွားတာနဲ့ စပြီးမြင်ရတဲ့ ရုပ်တုပါ။ အလယ်တည့်တည့်မှာ ထင်ထင်ရှားရှားရှိပြီး အနန္တနဂါးပေါ်မှာ ဗိဿနိုးနတ်မင်း လှဲလျောင်းနေတဲ့ပုံ ထုဆစ်ထားပါတယ်။ အဲဒီမှာ သူ့ချက်နေရာကနေ ကြာတွေထွက်ပြီး ကြာပွင့်သုံးပွင့်မှာ အခြားဗြဟ္မဏနတ်သုံးပါး တည်ရှိနေဟန် ထုဆစ်ထားပါတယ်။ တကယ်တော့ မူလလက်ရာထက် ပြန်ပြီးပြုပြင်ထားတဲ့ လက်ရာသာဖြစ်ပါတယ်။ ဌာပနာတိုက်ဖောက်သူတွေ၊ ရှေးဟောင်းလက်ရာနဲ့ ရုပ်တုခိုးယူသူတွေရဲ့ ဒဏ်တွေကြောင့် အတော်ပျက်စီးခဲ့ရပါပြီ။ ဗိဿနိုးဂဠုန်စီးနေတဲ့ ရုပ်တုဆိုရင် ဂျာမနီနိုင်ငံက ဘာလင်ပြတိုက်တောင်ရောက်နေပြီလို့ သိရပါတယ်။

TH 002

နတ်လျောင်းကျောင်းက အနော်ရထာမင်းရဲ့ ကောင်းမှုလား

ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် ပြုလုပ်ခဲ့သူ အနော်ရထာမင်းကြီးရဲ့ ကောင်းမှုကုသိုလ်တစ်ခုလို့ တချို့က ဖော်ပြကြတော့ စဉ်းစားစရာ သို့လော သို့လော ဖြစ်ရပါတယ်။ တမီလ်လူမျိုးတွေကို အခွင့်အရေးပေးခဲ့ပြီး ကိုးကွယ်ရာ ဟိန္ဒူဘာသာနဲ့ နတ်ကိုးကွယ်မှုစတာတွေကို သူ့ခေတ်သူ့အခါက လိုက်လျောခွင့်ပြုခဲ့ပုံရပါတယ်။ သူက တည်ဆောက်ခွင့်ပြုမှ တည်ဆောက်ရမယ့် ခေတ်မျိုးဖြစ်လို့ သူ့ရဲ့ကောင်းမှုကုသိုလ်အဖြစ် ဖော်ပြခဲ့ကြတာလည်း ဖြစ်မယ်လို့ ယူဆကြပြန်ပါတယ်။

TH 003

နတ်လျောင်းကျောင်းကို ဘယ်လိုသွားမလဲ

တခြားစေတီပုထိုးတွေလို လမ်းညွှန်မရှုပ်ပါဘူး။ နာမည်ကြီး ဘုရားတစ်ဆူဖြစ်တဲ့ သဗ္ဗညုဘုရားကြီးရဲ့ အနောက်ဘက်လေးမှာ ကပ်လျက်တည်ရှိပါတယ်။ ၂၀၁၆ ဩဂုတ်လတုန်းက ငလျင်ဒဏ်ပြင်းပြင်းခံစားခဲ့ ရသေးတာကြောင့် အရင်ကလို ကားနဲ့တန်းဝင်လို့ မရတော့ဘဲ ခပ်လှမ်းလှမ်းမှာရပ်လို့ ခြေကျင်လေ့လာဖူးမြော်ရမှာပါ။

နတ်လျောင်းကျောင်းထဲဝင်ပြီး လေ့လာတဲ့အခါ အုတ်ကျောင်း ခပ်သေးသေးလေးပေမယ့် စိတ်ဝင်စားစရာ ဖြစ်စေတယ်လို့ ယူဆမိတယ်။ နံရံဆေးရေးတချို့လည်း ဟိုတစ်စ ဒီတစ်စ အရောင်လွင့်နေတာ ခပ်များများရယ်။ ပြည့်စုံတဲ့ နံရံဆေးရေးပန်းချီတွေရယ်၊ ရှေးမူလအတိုင်း ရုပ်တုအပြည့်အစုံရယ်သာ ရှိနေဦးမယ်ဆိုရင် ပိုပြီးကြည်နူးစရာဖြစ်စေမှာပါ။ နတ်လျောင်းကျောင်းထဲကနေ အပြင်ကို လှမ်းကြည့်လိုက်ရင် အဝင်မုခ်ဦး ပြတင်းကလှမ်းမြင်ရတဲ့ သဗ္ဗညုဘုရားကြီး မြင်ကွင်းဟာလည်း သပ္ပာယ်နေတဲ့အပြင် ဓာတ်ပုံရိုက်ဖို့ အလွန်ကောင်းပါတယ်။ ပုဂံကိုရောက်ရင် သဗ္ဗညုဘုရားဖူးရင်း လေ့လာကြည့်နိုင်ဖို့ ညွှန်းဆိုပေးချင်တာပါဗျာ။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီး သွားနိုင်ကြပါစေ။

 Thiha, the Traveller @ သီဟလုလင်