ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အဆောက်အအုံများအား ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိ

ညောင်ဦး မေ ၂၃

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်း အဆောက်အအုံများ၊ စေတီပုထိုးများ၊ ဂူဘုရားများအား ရှေးမူမပျက် ပြန်လည်းထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ တာဝန်ရှိသူများထံမှ သိရသည်။

 

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် Mr. Somla Naik (Assistant superintending Archaeological Engineer) ဦးဆောင်သော အဖွဲ့ဝင် ငါးဦးသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ အင်ဂျင်နီယာများနှင့် ပူးပေါင်း၍ ရှေးဟောင်းအဆောက်အအုံ အမှတ် ၂၃၅ (သိကြားပုန်းဘုရား) ထိန်းသိမ်းခြင်း၊ ရှေးဟောင်းအဆောက်အအုံ အမှတ် ၁၆၀၀ (နတ်လျောင်ကျောင်း) နံရံပန်းချီ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး Mr. Sunder Paul (Director) ၏ ကြီးကြပ်မှုဖြင့် Mr. Arun Prasad Madumaia (Assistant superintending Archaeological Engineer) ဦးဆောင်သော အဖွဲ့ဝင် ငါးဦးသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ အင်ဂျင်နီယာများနှင့် ပူးပေါင်း၍ ရှေးဟောင်းအဆောက်အအုံ အမှတ် ၂၂၅ (မြတောင်အုတ်ကျောင်း) ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းအဆောက်အအုံ အမှတ် ၂၃၅ (သိကြားပုန်းဘုရား) ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းအဆောက်အအုံ အမှတ်(၁၆၀၀) (နတ်လျောင်ကျောင်း) ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းအဆောက်အအုံ အမှတ် ၂၀၁၁ ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းအဆောက်အအုံ အမှတ် ၂၀၁၃ (မွန်ဂူ) ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ပုဂံဒေသသည် ငလျင်ဇုန်အတွင်း ကျရောက်နေခြင်းကြောင့် ငလျင်ဒဏ်ခံနိုင်ရည်ရှိသော ကြိုတင်ကာကွယ် အားဖြည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Soil Test များ ဆောင်ရွက်ပေးခြင်း၊ ဌာနဝန်ထမ်းများ အရည်အသွေး မြင့်မားစေရန် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ဆုများ ပေးအပ်၍ သင်ယူစေခြင်းနှင့် အိန္ဒိယနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်ဒေသများရှိ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲ တာဝန်ရှိသူများထံမှ သိရသည်။

 

ဒီပါလင်း