ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်ရက်လျှင် နှစ်သိန်းကျော်ထိ လာရောက်

ညောင်ဦး ဧပြီ ၁၄

 

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်ကြရာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရားများတွင် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ဘုရားဖူးလာရောက်သူ တစ်ရက်လျှင် နှစ်သိန်းကျော်ထိရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများက ရှေးဟောင်းနံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစား လေ့လာမှုများပြားလာခဲ့ကြောင်း သိရပြီး သင်္ကြန်အကျနေ့(ယနေ့)တွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ နှစ်သိန်းကျော်ရှိကြောင်း၊ ခရီးသွား ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး ပြည်တွင်းဧည့်လမ်းညွှန်များ၊ ဒေသခံများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေကြောင်းခရီးဖြင့် လာရောက်ကြခြင်း၊ ကိုယ်ပိုင်ကားများ၊ ခရီးသွားလုပ်ငန်းကားများဖြင့် လာရောက်ကြကာ သင်္ကြန်ရုံးပိတ်ရက်အတွင်း ခရီးသွား ဘုရားဖူးဧည့်သည် အဝင်များလျက်ရှိပြီး အီးဗိုက်၊ မြင်းလှည်း၊ တုတ်တုတ်(ခေါ်)မီနီအိုဝေများ၊ တိုးကားများ အငှားလိုက်ရပြီး ဝင်ငွေကောင်းနေကြကာ စားသောက်ဆိုင်များလည်း ဘုရားဖူးများခြင်းကြောင့် ရောင်းအားကောင်းနေကြကြောင်း သိရသည်။

 

ဒီပါလင်း