ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းထားမှု ကမ္ဘာ့အမွေအနှစ်ကော်မတီဝင် နိုင်ငံများမှ တာဝန်ရှိသူများအား ရှင်းလင်းတင်ပြ

ရန်ကုန် ၁၂  ဧပြီ

           

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းထားမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင်ရှိသည့် ကမ္ဘာ့အမွေအနှစ်ကော်မတီဝင် ၂၁ နိုင်ငံဆိုင်ရာ မြန်မာသံရုံးများမှ သံအမတ်များနှင့် တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံများမှ တာဝန်ရှိသူများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကိုယနေ့ နံနက် ၁၀ နာရီကရန်ကုန်မြို့ အမျိုးသားပြတိုက်၌ ကျင်းပသည်။

           

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ကမ္ဘာ့အမွေအနှစ် ကော်မတီဝင် ၂၁ နိုင်ငံဆိုင်ရာ မြန်မာသံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ ဂျာမနီ၊ အီတလီ၊ ကိုလံဘီယာ၊ ဆွစ်ဇာလန်၊ ကနေဒါ၊ ပြင်သစ်၊ အမေရိကန်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ ယူနက်စကို၊ JICA နှင့် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နှလုံးသားထဲကပုဂံ ဓာတ်ပုံပြပွဲ ဖြစ်မြောက်ရေးအဖွဲ့ တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

1

           

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးကြည်မင်းက မိမိတို့တိုင်းပြည်၏ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာနေရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပုဂံဒေသရှေးဟောင်း အဆောက်အအုံများသည် နိုင်ငံတော်အဆင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု ဒေသဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီအတွင်းက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ၏ အဆိုပြုလွှာစာတွဲကို ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ တင်သွင်းခဲ့ပြီး နိုင်ငံတကာ ပညာရှင်များလည်း လာရောက် ကွင်းဆင်းစစ်ဆေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်မှစ၍ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် နိုင်ငံ၏ ဂုဏ်သိက္ခာမြှင့်တင် ပေးရန်ရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသခံများနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ယူနက်စကိုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း။

           

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက် အထိ ကျင်းပပြုလုပ်မည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဆုံးဖြတ်မည့် ကိစ္စကိုလည်း မိမိတို့အနေဖြင့်များစွာ မျှော်လင့်ထားပါကြောင်း၊  ပုဂံယဉ်ကျေးမှုအမွေ အနှစ်ဒေသအတွက် ပြီးပြည့်စုံသော အဆိုပြုစာတမ်းကို အောင်မြင်စွာ တင်သွင်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သည့် ယူနက်စကို၊ အီတလီနိုင်ငံအစိုးရ၊ ကမ္ဘာ့ဘဏ်နှင့် ပြည်တွင်း ပြည်ပပညာရှင်များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

           

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းမှု လုပ်ငန်းစဉ်များ၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲမှ ညွှန်ကြားရေးမှူးကပုဂံဒေသ၏ ဂုဏ်ရည်တန်ဖိုး၊ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန် ဆက်လက်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

           

ယင်းနောက် နှလုံးသားထဲကပုဂံဓာတ်ပုံပြပွဲ ဖြစ်မြောက်ရေးအဖွဲ့ ဒီဇိုင်းပညာရှင် ဦးမျိုးဆွေသန်းက နှလုံးသားထဲကပုဂံဓာတ်ပုံပြပွဲခင်းကျင်းပြသမှုနှင့် ပုဂံဒေသအတွက် ဆောင်ရွက်ခဲ့သည်များကို ရှင်းလင်းတင်ပြခဲ့သည်။             

 

သတင်း - မြတ်စန္ဒီ

ဓာတ်ပုံ - လှမိုး

 

1