နေပြည်တော်၊ နိုဝင်ဘာ ၈

 

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ကြီး အထွေထွေပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် ဘက်စုံလွှမ်းခြုံသော အစီအစဉ်(Master Plan)ရေးဆွဲနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကကို နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ် ခန်းမ၌ ကျင်းပသည်။ 

 

အစည်းအဝေးသို့  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယ ဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ အဆောက်အဦဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊   အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရွှေစည်းခုံစေတီတော်ကြီးသည် ရှေးဟောင်းလက်ရာ ကျန်ရှိမှု အဆင့် Grade 1 အဆင့်ဖြစ်ပြီး စေတီတော်ပရိဝုဏ်အတွင်းတွင် ပုဂံခေတ်ကာလကတည်းက ဘုရား၊ စေတီများ၊ ကျောက်စာ အထောက်အထားများအပြင် ပုဂံခေတ်နောက် ပိုင်းကာလမှ ခေတ်အဆက်ဆက်  လှူဒါန်းထားသည့် ခေါင်းလောင်းများ၊ ကျောက်သပိတ်များကို ယနေ့တိုင် တွေ့မြင်နိုင်ပါကြောင်း၊ ရွှေစည်းခုံ စေတီတော်ကြီးအား မည်သည့်နေရာမှကြည့်ကြည့် မြင်ကွင်းတင့်တယ်သပ္ပာယ်စေရေး၊ ဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော်ရာတွင် အဆင်ပြေစေရေးအတွက် ဘက်စုံပြုပြင်ထိန်းသိမ်းခြင်း အစီအစဉ်(Master Plan) ရေးဆွဲဆောင်ရွက်သွားရန်၊ နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခဲ့ပါကြောင်း။

 

သို့ပါ၍ Master Plan ရေးဆွဲရေး ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အထောက်အကူပြု ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် ကိုးကွယ်နိုင်ခြင်းအလို့ငှာ ရွှေစည်းခုံ စေတီတော်ကြီးကို တည်ထားခဲ့ရာ နှစ်ပေါင်းရာထောင်မက တည်တံ့ခိုင်မြဲစေရေးအတွက် ရှေးဟောင်းအမွေ အနှစ်များကို ထိခိုက်မှုမရှိစေဘဲ မိမိတို့ကျွမ်းကျင်သော အတတ်ပညာ၊ အသိပညာတို့ဖြင့် ထိန်းသိမ်း စောင့်ရှောက်မှုများကို မိမိတို့၏ ကုသိုလ်စိတ်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ရွှေစည်းခုံ စေတီတော်ကြီး၏ Master Plan ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် မတိုင်မီရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက် ပေးကြပါရန် တိုက်တွန်းပါကြောင်း  ပြောကြားသည်။  

 

ဆက်လက်၍ Master Plan ရေးဆွဲရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင် သာယာရေးဝန်ကြီးက  Master Plan ရေးဆွဲရေးလုပ်ငန်းကော်မတီ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ မန္တလေးမြို့၊ ကုသိုလ်တော်ဘုရား ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့မှု မှတ်တမ်းများနှင့်နှိုင်းယှဉ်၍ အကြံပြုဆွေးနွေး တင်ပြသည်။

 

ယင်းနောက်မြန်မာနိုင်ငံဗိသုကာကောင်စီ ဥက္ကဋ္ဌက Master Plan ရေးဆွဲရေးနှင့်ပတ်သက်၍ ဆောင်ရွက် ပြီးစီးမှုနှင့် ဆောင်ရွက်သင့်သော အကြံပြုချက်များကို ဆွေးနွေးတင်ပြပြီး ဘက်စုံလွှမ်းခြုံသော လုပ်ငန်း အစီအစဉ် (Master Plan) ရေးဆွဲရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအဖွဲ့(၄)ဖွဲ့က ဆောင်ရွက်ထားမှု အခြေအနေတို့ကို အဖွဲ့လိုက် အသေးစိတ်ရှင်း လင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)