ပုဇွန်တောင် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်၌ တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက် ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ဇွန် ၈ ရက်က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကြည်ဖေလင်းက အမှာစကား ပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမြဦးက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရွှေထည်လက်ဝတ်ရတနာ ရောင်းချသည့် လုပ်ငန်းရှင်များနှင့် လက်ကိုင်ဖုန်း (Handset)နှင့် စပ်ဆက်ပစ္စည်းများ ရောင်းချ/ ဝန်ဆောင်မှု ဆောင်ရွက်သည့် လုပ်ငန်းရှင်များအား ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်အတွက် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည်များနှင့် ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို အသိပညာ ပေးရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်


