ပုဇွန်တောင်မြို့နယ်တွင် အရှိန်မထိန်းနိုင်သည့် ယာဉ်မှ ရပ်တန့်ထားသည့် ယာဉ်(၈)စီးနှင့် လူများအား ဝင်ရောက်တိုက်မိ၍ (၄)ဦးဒဏ်ရာရ

နေပြည်တော် ၁၀ ဇူလိုင် 

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ သီတာဆိပ်လမ်းထိပ်အနီး၌ ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီတွင် အရှိန်မထိန်းနိုင်သည့် ယာဉ်မှ ရပ်တန့်ထားသည့် ယာဉ်(၈)စီးနှင့် လူများအား ဝင်ရောက်တိုက်မိ၍ (၄)ဦးဒဏ်ရာရကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယာဉ်တိုက်မှုသတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အောက်ပုဇွန်တောင်လမ်းမကြီးအတိုင်း လင်းစဒေါင်းဘက်မှ ပုဇွန်တောင်ဈေးဘက်သို့ ဒဂုံတောင်မြို့နယ်၊ (၅၃)ရပ်ကွက်နေ အောင်မြင့်ဦး (၂၅)နှစ် မောင်းနှင်လာသော MDY 3I/ ×××× HYUNDAI STAREX ယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးတွင် ရပ်တန့်ထားသည့် ပြည်တော်သစ်အိမ်ရာနေ ဦးထွန်းလှမောင် (၅၀)နှစ် မောင်းနှင်သည့် YGN AA/×××× TOYOTA COROLLA ယာဉ်၊ ဒဂုံအရှေ့မြို့နယ်၊ (၄)ရပ်ကွက်နေ  ဦးဌေးညွှန့် (၆၅)နှစ် မောင်းနှင်သည့် YGN 5F/××××SUZUKI CARRY ယာဉ်၊ (၃)ရပ်ကွက်နေ ဦးတင်ထွေး (၄၀)နှစ် မောင်းနှင်သော YGN AA/×××× TOYOTA COROLLA ယာဉ်၊ ဦးသက်ဦး (၃၇)နှစ်မောင်းနှင်သည့် YGN 3P/××××HIACE ယာဉ်၊ ဦးစိုးမြင့်(၅၉)နှစ် မောင်းနှင်သော YGN AA/×××× TOYOTA  CALDINA ယာဉ်၊ ဦးအောင်လွင်ဦး (၄၉)နှစ် မောင်းနှင်သည့် YGN HH/ ×××× TOYOTA PROBOX ယာဉ်၊ သာကေတမြို့နယ်၊ ၄/တောင် ရပ်ကွက်နေ ဦးသန်းဌေး မောင်းနှင်သော CC /×××× TOYOTA FIELDER ယာဉ်နှင့် (၃)ရပ်ကွက်နေ ကိုသက်ခိုင်ဦး (၃၁)နှစ်စီးနင်းသည့် ဆိုက်ကားတို့အား ဝင်ရောက်တိုက်မိပြီး YGN 5F/×××× ယာဉ်ပေါ်ပါ ဒေါ်ထွေးထွေးဝင်း (၅၅)နှစ်နှင့် လမ်းဘေးတွင်ရပ်နေသည့် (၃)ရပ်ကွက်နေ ဒေါ်သဇင်ချို (၃၂)နှစ်၊ ဒေါ်စန်းမြင့် (၅၈)နှစ်နှင့် ကိုသိန်းသန်းဦး (၃၅)နှစ်တို့အား ဝင်ရောက်တိုက်မိကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်မြင့်ဦးအား ပုဇွန်တောင်မြို့မရဲစခန်းယာဉ် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

MDN