ပုလောမြို့နယ် အတွင်းရှိ ကျေးရွာများ၌ NEP  စီမံကိန်းဖြင့် တစ်အိမ်သုံး ဆိုလာစနစ်များ တပ်ဆင်လျက်ရှိ

ပုလော ၂၈ သြဂုတ်    


တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ (National Electrification Program- NEP ) စီမံကိန်းဖြင့် တစ်အိမ်သုံး ဆိုလာစနစ်များကို Earth Renewable Energy ကုမ္ပဏီမှ အိမ်တိုင်ရာရောက် တပ်ဆင်လျက်ရှိကြောင်း သိရသည်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် NEP စီမံကိန်း ICB-III ဖြင့် ပုလောမြို့နယ်အတွင်းရှိ ရှမ်းဒွတ်ကျေးရွာ အုပ်စုအတွင်း ရှမ်းဒွတ်၊ မင်းဝင်း၊  အင်းမဝ၊ ချောင်းလှ၊ ကျောက်လိပ်ကျေးရွာ ၅ ရွာအတွက် ၁၂၄ စုံ၊ တောင်ယာကမ်းကျေးရွာအုပ်စုရှိ ဖော့ကျေးရွာ၊ ချောင်းဗြဲကျေးရွာ (၂)ရွာအတွက် (၆၆)စုံ ၊ မီးကျောင်းသိုက်ကျေးရွာတွင် (၇၂) စုံ၊ လိပ်သောင်ကျေးရွာတွင် (၄၃) စုံနှင့် ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ကျောက်ကမ်းဖဲ့ ကျေးရွာတွင် (၂၆) စုံ၊ စုစုပေါင်း (၃၃၁)စုံကို စက်တင်ဘာလအလယ်တွင် အပြီးအစီး တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးမှသိရသည်။


အဆိုပါ တစ်အိမ်သုံးဆိုလာစနစ်တပ်ဆင်ရာတွင် (60W) နှင့် (100W) ဟူ၍ နှစ်မျိုးရှိပြီး (LED)  မီးသီး (၄) လုံး နှင့် (၅) ဝပ် ရှိသော မီးချောင်း(၁)ချောင်းပါဝင်သည်။ တစ်အိမ်သုံးဆိုလာစနစ်များ ပျက်စီးယိုယွင်းမှုများ ဖြစ်ပွားပါက အချိန်မီဆက်သွယ် အကြောင်းကြားနိုင်ရန် ကုမ္ပဏီဖုန်းနံပါတ်များ၊ ပုလောမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးဖုန်းနံပါတ်များလည်း ပါဝင်ကြောင်း တွေရသည်။


ထူးဝေယံ(ပြန်/ဆက်)