ပုလောမြို့နယ် ကျေးရွာ ၄ ရွာတွင် ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ပုလော ဇန်နဝါရီ ၂၆

 

၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လပတ်တွင် ငွေကျပ် ၁၄၅ ဒသမ ၅ သန်းဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာ(၄)ရွာတွင် ကျေးလက်ကုန်ထုတ်လမ်း​ဖောက်လုပ်ခြင်းနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီက မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တင်ဒါအောင် ဖြိုးတေဇကျော်ကုမ္ပဏီမှ ငွေကျပ် ၈၉ ဒသမ ၀ သန်းဖြင့် တောင်ယာကမ်းကျေးရွာတွင် ကုန်ထုတ်မြေသား ဂဝံလမ်း​အရှည် (၀/ ၃ ဒသမ ၇)မိုင်၊ Box Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် နန်းတောင်ကျေးရွာတွင် ကုန်ထုတ်မြေသား ဂဝံလမ်းအရှည် (၀/ ၆)မိုင်၊ ကွန်ကရစ်တံတား (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

အလားတူ တင်ဒါအောင် အောင်ပြည့်စုံကုမ္ပဏီမှ ငွေကျပ် (၅၆ ဒသမ ၅)သန်းဖြင့် သစ်လှတောကျေးရွာတွင် စိမ့်စမ်းရေ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း (၂/ ၀)မိုင်၊ ရေတားတမံ၊ ရေဂါလန် (၅၀၀၀)ဆံ့ရေကန် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဝါးကုန်ကျေးရွာတွင် အနက်ပေ (၁၅၀) တွင်းတိမ်တူးဖော်ခြင်း၊ ရေစက်ရုံ (၁)ရုံတည်ဆောက်ခြင်း၊ ရေဂါလန် (၂၄၀၀)ဆံ့ စင်မြင့်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကိုနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကုမ္ပဏီမှတာဝန်ရှိသူများကို စံချိန်စံညွှန်များနဲ့အညီ သတ်မှတ်ကာလအတွင်း အချိန်မီ လုပ်ငန်းများပြီးစီးနိုင်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက တောင်ယာကမ်း၊ နန်းတောင်၊ သစ်လှတော၊ ဝါးကုန် စသည့် ကျေးရွာ(၄)ရွာတို့ရှိ အိမ်ခြေ(၅၄၇)၊ အိမ်ထောင်စု(၅၆၅)၊ လူဦးရေ(၂၉၄၅)တို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကိုထံမှ သိရသည်။

 

မြင့်ဦး(မြိတ်)