ပုလောမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ပုလော ဖေဖော်ဝါရီ ၂၈

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၃)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) လုပ်ငန်း (၁၃)ခုကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ပထမအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ခင်ပြည့်စုံဦး၏ ပြောကြားချက်အရ သိရသည်။

 

ပုလောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁)ရွာလျှင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ်(၁၀)သန်းစီဖြင့် စုစုပေါင်းငွေကျပ် (၁၃၀)သန်းဖြင့် ပြင်းဖြူ၊ မှော်ကြောင်း၊ မင်းပြင်၊ ဇရပ်ဆိပ်၊ ရေချို၊ ကျောက်ပန်းတောင်း၊ ကြပ်ချောင်း၊ ပြင်ဘုကြီး၊ ဆင်ထိုးငယ်၊ အရှေ့ကုန်း၊ သရက်တပင်နှင့် အောက်ပေါင်းကျေးရွာတို့တွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၁၂)ခုနှင့် တံမျှားကျေးရွာတွင် ရေဂါလန် (၅၀၀၀)ဆံ့ ရေစုကန်တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း (၁)ခု စုစုပေါင်းလုပ်ငန်း (၁၃)ခုတို့ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ပထမအပတ်မှစတင်၍ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ စတုတ္တပတ်တွင် ကျေးရွာ (၁၃)ရွာမှ လုပ်ငန်း(၁၃)ခုတို့မှာ (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) လုပ်ငန်းများအားလုံး ယခုအခါ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သောကြောင့် ယင်းကျေးရွာ (၁၃)ရွာတို့ရှိ အိမ်ခြေ(၂၇၉၅)အိမ်၊ အိမ်ထောင်စု (၂၈၉၂)စုတို့မှ လူဦးရေ (၁၅၀၇၇)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများအတွက် အကျိုးပြုနေပြီဖြစ်ကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)