ပုဏ္ဏားကျွန်းမြို့၌ ရခိုင်ရိုးရာပြိုင်လောင်း(လှေ)နှစ်စီး ရေချမင်္ဂလာပွဲပြုလုပ်

ပုဏ္ဏားကျွန်း မေ ၁ 

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တော်ဘုရား၏ ဓာတ်လှေကားအနီးရှိ ၆ လံ ၂ တောင် ရခိုင်ရိုးရာပြိုင်လောင်း(လှေ)နှစ်စီးအား ရေချမင်္ဂလာပွဲကို ရခိုင်ရိုးရာတီးဝိုင်းများဖြင့် ပြိုင်လောင်း(လှေ)ဝါသနာရှင်များကြီးမှူးပြီး ဧပြီ ၃၀ ရက် နံနက်ပိုင်းက ဦးရာဇ်တော် ဘုရားတောင်ခြေရင်း ကင်းချောင်းရေပြင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရေချမင်္ဂလာပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ရခိုင်ရိုးရာပြိုင်လောင်း(လှေ)နှစ်စီး၏ ရေချမင်္ဂလာပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ညနေပိုင်းတွင် ဦးရာဇ်တောင်ခြေရင်း ကင်းချောင်းရေပြင်တွင် ရခိုင်ရိုးရာတီးဝိုင်းများနှင့်အတူ လှေလှော်အဖွဲ့(၆)ဖွဲ့တို့က ရခိုင်ရိုးရာ ပြိုင်လောင်း (လှေ) နှစ်စီးဖြင့် မိဘပြည်သူများကို အစမ်းမိတ်ဆက် လှော်ခတ်ပြသခဲ့ရာ မိဘပြည်သူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

 

ရခိုင်ရိုးရာပြိုင်လောင်း(လှေ)ကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းကန်ကျေးရွာနှင့် သာစည်ကျေးရွာတို့က ၂၀၂၀ ခုနှစ်က မတည်ငွေကျပ်(၁၀)သိန်းဖြင့် ဝယ်ယူထားရှိကြောင်း သိရသည်။

 

နီထွန်းအောင်(ပြန်/ဆက်)