ပုပ္ပါးတောင်ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့နိုင်ရေးအတွက် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်လာစေရန် အသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၃

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ၄/၂၀၂၂ အထူးစိမ်း တစ်အုပ်တစ်မစိုက်ခင်း အပင် ၅၀၀၀ ၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားသော ၃/၂၀၂၃ အထူးစိမ်း သဘာဝတောထိန်း ကွက်လပ်ဖြည့်စိုက်ခင်း အပင် ၃၀၀၀ ၏ ‌ရှင်သန်အောင်မြင်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆည်ပေါက်ပျိုးဥယျာဉ်အတွင်း လူထုဖြန့် စိုက်ပျိုးခြင်းနှင့် အထူးစိမ်း တစ်အုပ်တစ်မစိုက်ခင်းများအတွက် ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ဘေးမဲ့ တောဥယျာဉ်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ဘေးမဲ့တောဥယျာဉ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရေထွက်စမ်းများမှ ရေနမူနာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပုပ္ပါးတောင်ဘေးမဲ့တောဥယျာဉ်နှင့် ပုပ္ပါးတောင်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ အပူပိုင်းဒေသဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအား အထူးအလေးထား ဆောင်ရွက်သွားရမည့်အပြင် ကြက်မောက်တောင်ဆည် ရေရှည်တည်တံ့စေရေးအတွက် အရေးပါသော ပုပ္ပါးတောင်ဒေသ ရေဝေရေလဲဧရိယာများနှင့် ပုပ္ပါးနှင့်ကျောက်ပန်းတောင်းမြို့၏ သောက်သုံးရေအတွက် အရေးပါသော သဘာဝစိမ့်စမ်းရေထွက်များအား ထိန်းသိမ်းကာကွယ်သွားရမည် ဖြစ်ကြောင်း၊ ထို့ပြင် ပုပ္ပါးတောင်ဒေသသည် ထူးခြားသော ဘူမိနယ်မြေများ အများအပြားရှိသည့်အတွက် အမျိုးသားဘူမိဥယျာဉ် တည်ထောင်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပုပ္ပါးတောင်ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့နိုင်ရေးအတွက် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်လာစေရန် အသိပညာ‌ပေး လုပ်ငန်းများပိုမို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုပ္ပါးတောင်ဘေးမဲ့တောဥယျာဉ် ပညာပေးပြခန်းအတွင်း ပြသထားမှု၊ သမင်ခြံအတွင်း သမင်များအား ထိန်းသိမ်းစောင့်ရှောက်ထားမှု၊ ပရဆေးဥယျာဉ်အတွင်း ဆေးဘက်ဝင်အပင်များ ထိန်းသိမ်းဆောင်ရွက်ထားမှုနှင့် ပုပ္ပါးတောင်နှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့နယ်၊ ဘူးကင်းတောင်ရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ KOICA တို့ ပူးပေါင်းတည်ထောင်ထားသည့်  ၂၀၁၁ သစ်မျိုးစုံစိုက်ခင်း ဧက ၃၇၀ ၏ ရှင်သန်မှုနှင့် စိုက်ခင်းအား ထိန်းသိမ်းဆောင်ရွက်ထားမှု အခြေအနေကို ကြည့်ရှုစစ်‌ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ ရွှေပုံ တောင် အမြဲတမ်းပျိုးဥယျာဉ်သို့ရောက်ရှိပြီး ပျိုးဥယျာဉ်အတွင်း သစ်ပင်စိုက်ပျိုးပွဲနှင့် အထူးစိမ်းစိုက်ခင်းများ အတွက် သစ်မျိုး ၃၂ မျိုးဖြင့် ၂ ပေနှင့်အထက် ပျိုးပင်ကြီး ၉၀,၀၀၀ ပျိုးထောင်ထားရှိမှုကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေနံချောင်းမြို့နယ်၊ နတ်ကန်ဦးကြိုးပြင် ကာကွယ်တောအတွင်း ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားသော ၁/၂၀၂၃ ကျေးရွာထင်းစိုက်ခင်း ဧက ၂၀ အပင် ၂၄၂၀၀ ကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်