ပုပ်ရဟန်းမင်းရဲ့ အာရှနှစ်နိုင်ငံခရီးစဉ်အစမှ ထိုင်းနိုင်ငံရောက်ရှိ

၂၀ နိုဝင်ဘာ

ပုပ်ဖရန့်စစ် ရဲ့ အာရှနှစ်နိုင်ငံခရီးစဉ်အစမှ ဒီကနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကို ရောက်ရှိပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံခရီးစဉ်မှာ ပုပ်ရဟန်းမင်းရဲ့ ဝမ်းကွဲနှမ စစ်စတား အန်နာရိုဆာ နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ စစ်စတာ အန်နာဟာ ထိုင်းနိုင်ငံမှာ နေထိုင်နေတာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်ပြီး အန်နာက ပုပ်ရဟန်းမင်းအတွက် စကားပြန်အဖြစ်ပါ ဆောင်ရွက်ပေးမှာဖြစ် ပါတယ်။

ပုပ်ရဟန်းမင်းရဲ့ အခုခရီးစဉ်ဟာ အာရှနိုင်ငံတွေအတွက် တတိယမြောက်ဖြစ်ပြီး၊  နိုင်ငံခြားခရီးစဉ်အဖြစ် ၃၂ ခုမြောက် ခရီးစဉ်ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းရဲ့ အာရှခရီးစဉ်ဟာ ဗုဒ္ဓဘာသာအများစု နေထိုင်ပြီး ကက်သလစ် ဘာသာဝင် အနည်းစုသာ နေထိုင်တဲ့ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံကို လာရောက်တဲ့ခရီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လူဦးရေရဲ့ ဝ.၅ ရာခိုင်နှုန်းသာရှိတဲ့ ကတ်သလစ် ဘာသာဝင် ၄၀၀,၀၀၀ ခန့် သာရှိပါတယ်။

ခရီးစဉ်မစခင်မှာ ပုပ်ဖရန့်စစ်က ဗုဒ္ဓဘာသာဝင် မောင်နှမတွေနဲ့ ရင်းနှီးစေချင်တဲ့ခရီးစဉ်ဖြစ်တယ်။ သူ့ခရီးစဉ်ကနေ ဘာသာပေါင်းစုံ နားလည်ခြင်း၊ ပေါင်းစည်းခြင်းတွေအတွက် အရေးပါတဲ့ ခရီးဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ နီးပါးက ပုပ်ဂျွန်ပေါလ်-၂ ဟာ ထိုင်းနိုင်ငံကို လာရောက်ဖူးပါတယ်။

MDN

ကိုးကား - AFP