ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသော ကနဦးလျာထားချက် ဆန်တန်ချိန်သုံးသောင်း မကြာမီပြည့်မီတော့မည်

ရန်ကုန် ဒီဇင်ဘာ ၁၈

မြန်မာ့ဆန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှု မြို့တော်ဆိပ်ကမ်းမှ တိုက်ရိုက်တင်ပို့လျက်ရှိပြီး ကနဦးလျာထားချက်ဖြစ်သည့် ဆန်တန်ချိန်သုံးသောင်း  မကြာမီပြည့်မီတော့မည်ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ တင်ပို့နေသော မြန်မာ့ဆန်များ အရည်အသွေးပြည့်မီစေရန်နှင့် မြန်ဆန်စွာတင်ပို့နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရနှင့် ပို့ကုန်တင်ပို့ နေသော ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် စက်မှုမြို့တော်ဆိပ်ကမ်းမှ နိုဝင်ဘာ(၂)ရက်မှစ၍  တိုက်ရိုက်တင်ပို့သောစနစ်ဖြင့် တင်ပို့နိုင်ခဲ့ပြီး ဒီဇင်ဘာ(၁၈)ရက်တွင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရှစ်စင်းမြောက်သင်္ဘော သည် ဆန်တန်ချိန် ၂၆၅၀ ကို တင်ဆောင်လျက်ရှိကာ ဒီဇင်ဘာ(၁၉)ရက်တွင် ထွက် ခွာနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G သဘောတူညီမှုအရ ဆန်တန်ချိန် နှစ်သိန်းတင်ပို့ရန် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် သီလဝါဆိပ်ကမ်း တို့မှ တင်ပို့လျက်ရှိသည့်နည်းတူ ဧရာဝတီတိုင်းဒေ သကြီး၊ ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်း (Ayeyarwaddy International Industrial Port)မှလည်း ပထမဆုံးအကြိမ်အဖြစ် ပြည်ပသို့တိုက်ရိုက် တင်ပို့ခွင့်ရရှိခဲ့ရာ သင်္ဘော ခုနစ်စင်းဖြင့် ဆန်တန်ချိန်ပေါင်း  ၁၈၄၇၅ တန် တင်ပို့ထားပြီး ယခု ဆန်တန်ချိန် ၂၆၅၀ တန် တင်ဆောင်နေသော MCL-7 သင်္ဘော ဖြင့်တင်ပို့ပြီးပါက ပုသိမ်စက်မှုမြိုတော် ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ပေါင်း ၂၁၁၂၅ တန် တင်ပို့နိုင်ခဲ့ပြီးဖြစ်သည်။

“ ဘင်္ဂလားဒေ့ရှ်ကိုပို့မယ့် ရှစ်စင်းမြောက်ဆန်သင်္ဘော ဒီနေ့မှာ ကျန်တဲ့ ၁၉၇ တန်ကို တင်ဆောင်နေတဲ့အတွက် မနက်ဖြန် ရေအလှည့်သင့်ရင် ထွက်ခွာဖို့ရှိပါတယ်။ ဒီသင်္ဘောနဲ့ ဆန်တန်ချိန် ၂၆၅၀ တင်ဆောင်သွားမှာဖြစ်တဲ့အတွက် တင်ပို့တဲ့တန်ချိန် အားလုံးပေါင်း ၂၁၁၂၅ တန်ရှိပြီလို့ပြောရမှာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တင်ပို့ဖို့ ကနဦး လျာထားတာက ဆန်တန်ချိန်သုံးသောင်းဖြစ်တဲ့အတွက် မကြာမီပြည့်မီတော့မှာပါ။ စာချုပ်စာတမ်းကိစ္စတွေ ကိုက်ညီမှုရှိမယ်ဆိုရင် ဆန်ဆက်လက်တင်ပို့ဖို့ရှိမယ်။ ရန်ကုန်ကနေမဟုတ်ဘဲ ပုသိမ်ကနေ တိုက်ရိုက်တင်ပို့ခွင့်ရတဲ့အတွက် ကုန်ကျစရိတ် သက်သာမှုဟာ နိုင်ငံတော်နဲ့ ကုန်သည်တွေအတွက် အကျိုးရှိခဲ့တယ်။ အထူးသဖြင့် စက်သုံးဆီနဲ့ ပို့ဆောင်စရိတ်သက်သာစေခဲ့ပြီးတော့ ဒီဒေသမှာအလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းလာတဲ့အပြင် ပို့ကုန်လုပ်ငန်းရှင်တွေလည်း စီးပွားရေးအခွင့် အလမ်းတွေ ရရှိစေခဲ့ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်ပသို့ မြန်မာ့ဆန်များတင်ပို့နိုင်ခြင်းကြောင့် စိုက်ပျိုးတောင်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ပြည်ပသို့ပို့ကုန်များ မြန်ဆန်စွာစီးဆင်းနိုင်ရန် လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။

ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ-ကနူး