ပုသိမ်ကြီး၊ ဟိုပန်၊ တောင်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၄ ဇွန်

မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၃ ရက် ည ၉ နာရီခွဲက ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ-ရဲရွာသွားကားလမ်းတွင် ရပ်တန့်ထားသည့် ၁၂ ဘီးမော်တော်ယာဉ်ကို  စစ်ဆေးရှာဖွေခဲ့ရာ ဟိုက်ဒရိုကလိုရစ် အက်ဆစ် ၁၁,ဝ၀ဝ လီတာနှင့် ဆာလဖျူရစ်အက်ဆစ် ၅၀ဝ လီတာတို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့မွန်းလွဲ ၂ နာရီတွင် ဟိုပန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပန်မြို့နယ်၊ နမ့်လျံရပ်ကွက်နေ ဒေါ်ရှဝူ၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၅၂၀ဝ နှင့် စိတ်ကြွရူးသွပ်‌ဆေးပြား(အကြေမှုန့်) ၅ ဂရမ်တို့ကိုသိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ယင်းနေ့ ည ၉ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ တောင်ကြီး-မိုင်းပျဉ်းသွားကားလမ်းတွင် ခင်မောင်ဝင်း (ခ)ရီစွပ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၀ဝ သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ကိုရဲ)