(ပုသိမ်ကြီး၊ လုံပီး၊ ရွှေဘို) စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ကျောင်းများ၏ အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲ ကျင်းပ


နေပြည်တော်   ဇွန်   ၂၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း (ပုသိမ်ကြီး၊ လုံပီး၊ ရွှေဘို) တို့၏ အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေး ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဒီပလိုမာရရှိသည့် ကျောင်းဆင်း မောင်မယ်များနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ 
အခမ်းအနားတွင် ဒုတိယဝန်ကြီးက စိုက်ပျိုးမွေးမြူရေး ကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်သော အလယ်အလတ်အဆင့် ပညာရှင်များကို သင်ကြားလေ့ကျင့် မွေးထုတ်ပေးလျက်ရှိသည့်  စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) အနေဖြင့် ယနေ့အထိ စိုက်ပျိုးရေး ဒီပလိုမာ (၂၇၃၁) ဦးနှင့် မွေးမြူရေးဒီပလိုမာ (၆၇) ဦး၊ စုစုပေါင်း (၂၇၉၈) ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်းများအနေဖြင့် ယနေ့အထိ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ရ (၂၅၀၀၀) ကျော်နှင့် မွေးမြူရေး ဒီပလိုမာလက်မှတ်ရ (၄၀၀) ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ စိုက်ပျိုးရေးနိုင်ငံအတွက် စိုက်ပျိုးမွေးမြူရေး အခြေခံအသက်မွေးဝမ်းကျောင်းပညာ တတ်မြောက်သူများ ပိုမိုမွေးထုတ်ပေးရန် ဆက်လက်ကြိုးပမ်းသွားကြရန်လိုကြောင်း၊ အရည်အချင်း ပြည့်မီသူများအနေဖြင့် စိုက်ပျိုးရေးသိပ္ပံဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များ ဆက်လက်ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ပထမနှစ်မှ တတိယနှစ်ထိ တန်းစဉ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယဆုရရှိ သူများကိုဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလာရွှေသီဟ၊ Super brothers နှင့် CHITA စသည့် လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်ရေး ပုဂ္ဂလိကအလုပ်ရုံများသို့ သွားရောက်၍ (၆) သွား လင်ပန်းထယ်၊ (၇) သွား လင်ပန်းထယ်၊ Front Blade၊ Front Loader၊ Lug Wheels ၊ မျိုးစေ့ချကိရိယာ(Seeder)၊ ပြောင်းသီးနှံ အခြောက်ခံစက် (Dryer) နှင့် လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးပြီး လုပ်ငန်းရှင်များ၊ အလုပ်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့ ရေ၊ မြေ သဘာဝနှင့် ကိုက်ညီသော လယ်ယာသုံးစက်ကိရိယာများ မွန်းမံဆန်းသစ်တီထွင် ထုတ်လုပ်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်