ပုသိမ်တက္ကသိုလ်၌ ကျင်းပမည့် ကလေးစာပေပွဲတော်နှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း

ပုသိမ် ၂ နိုဝင်ဘာ

ကလေးစာပေပွဲတော်ကို နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပုသိမ်မြို့ ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ ထို့သို့ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

 

 

ဦးကျော်မြင့် (စည်ပင်သာယာရေးဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့)

ကလေးစာပေပွဲတော်ကို ယမန်နှစ်ကတည်းက အခြား ပြည်နယ်နဲ့ တိုင်းတွေမှာ ကျင်းပခဲ့ပြီးတော့ တစ်နိုင်ငံလုံးမှာ ပြည်ထောင်စုအဆင့် ကျင်းပခဲ့တာ (၆) နေရာရှိပြီလို့ သိရပါတယ်။ ဧရာဝတီတိုင်းက (၇) ကြိမ်မြောက် နိုင်ငံတော်အဆင့် ကျင်းပတဲ့ ပွဲတော်ဖြစ် ပါတယ်။ တိုင်းဒေသကြီးရဲ့ မြို့တော် ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်မှာ ကျင်းပခွင့်ရပြီးတော့ ဧရာဝတီတိုင်း တစ်တိုင်းလုံးရဲ့ မြို့နယ် (၂၆) မြို့နယ်ရှိ ကလေးငယ်များ၊ အခြေခံပညာ အဆင့် ကလေးငယ်များလာရောက်ပြီးတော့ ကလေးစာပေပွဲတော်ကြီးကို ဆင်နွှဲခွင့် ရမှာဖြစ်တဲ့အတွက် အများကြီး အကျိုးရှိမှာ ဖြစ်ပါတယ်။

ဒီပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ခံ ကျင်းပတာဖြစ်ပြီးတော့ ယခင် (၆) ကြိမ် ကျင်းပခဲ့တဲ့ အတွေ့အကြုံများ ပေါင်းစပ်ပြီး ဧရာဝတီတိုင်းမှာ ကလေးများအတွက် အကောင်းဆုံး၊  အသိပညာအပေးနိုင်ဆုံး ပွဲဖြစ်အောင်လို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကထဲက ကြိုတင် စီစဉ်ခဲ့တာဖြစ်တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေနဲ့လဲ ဒီပွဲတော်ကို တိုင်းဒေ သကြီး အစိုးရ ဘဏ္ဍာငွေ သိန်း (၁၀ဝ၀) သုံးစွဲပြီး အလှူရှင်များရဲ့ ပါဝင် လှူဒါန်း မှုတွေနဲ့ ပေါင်းစပ်ကာ အခမ်းနားဆုံး၊ အသိုက်မြိုက်ဆုံးဖြစ်အောင် စီစဉ်ဆောင် ရွက်နေခြင်း ဖြစ်ပါတယ်။

ကလေးတွေက စာဖတ်ခြင်းကို ပျော်မွေ့ရပါမယ်။ စာအုပ်ကို ကောက်ကိုင်တဲ့အဆင့်၊ ကောက်ကိုင်တဲ့ အဆင့်ကနေ စာအုပ်ကိုလှန်ကြည့်တဲ့အဆင့်၊ အဲဒီကနေတစ်ဆင့် ကလေးတွေကို ဆွဲဆောင်နိုင်တဲ့ အရောင်လေးတွေ၊ ရုပ်ပြလေးတွေ၊ ဒီလို ဆွဲဆောင်ပြီးတော့မှ စာသားအနေနဲ့ စာဖတ်တတ်တဲ့ ကလေးငယ်တွေဆိုရင် စာကိုဖတ်ပြီးတော့ ပြည်သူလူထု လိုက်နာရမယ့် ကျင့်ဝတ်၊ စည်းကမ်း၊ ဒါတွေကို ပေါ့ပေါ့ပါးပါးနဲ့ အရုပ်ကလေးတွေ ကြည့်ရင်း ရရှိသွားမယ်ဆိုရင် အခုလိုကလေး စာပေပွဲတော် ကျင်းပရတဲ့ အနှစ်သာရက ပြည့်စုံမယ်လို့ ယူဆပါတယ်။ ကလေးတွေ စာဖတ်ဖြစ်အောင် စိတ်ဝင်စားနိုင်မယ့် နည်းလမ်းပေါင်းစုံနဲ့ ပြည်ထောင်စုအစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရတို့က အခုလို ပွဲတော်တွေ ကျင်းပပြီးတော့ ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်လို့ ယူဆပါတယ်။

ကျွန်တော်တို့ ဧရာဝတီတိုင်း၊ (၂၆) မြို့နယ်မှ ကလေးတွေ စိတ်ပါဝင်စားမှု ရှိတယ်။ လာနိုင်တဲ့ ကလေးတွေ လာကြဖို့ ပြောလိုပါတယ်။ ကျွန်တော်တို့ဆို ပွဲတော်ကျင်းပစရိတ် အမြောက်အများကို ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနားစီစဉ်ရေး၊ ပြင်ဆင်ရေး၊ ပြခန်းများ ဖွင့်လှစ်ရေး၊ သယ်ယူပို့ဆောင်ရေး မှာလဲ ပြိုင်ပွဲပေါင်းစုံမှာ လာရောက်ယှဉ်ပြိုင်မယ့် ကလေးတွေကို ပို့ဆောင်ရေး၊ ဖွင့်ပွဲအခမ်းအနား ကျင်းပရေး၊ အစီအစဉ်အမျိုးမျိုးရဲ့ ကုန်ကျစရိတ်တွေထဲမှာ မြို့နယ်မှာရှိတဲ့ ကလေးတွေ လာနိုင်အောင် လမ်းစရိတ်ကို ကျွန်တော်တို့ ဘဏ္ဍာငွေထဲကနေ ဖဲ့ပြီး ပေးနိုင်အောင် စီစဉ်ပါတယ်။ ဒီနေ့ဆိုရင် တစ်တိုင်းလုံးက ကလေးတွေ လာနိုင်ဖို့အတွက် ဘဏ္ဍာရေးကော်မတီကနေ သိန်း (၁၀ဝ) ကို မြို့နယ်တွေကို ခွဲဝေပြီးတော့ ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ခရီးစရိတ် ထုတ်ပေးမယ့် အစီအစဉ်ကို နေ့ချင်းပြီး  လုပ်ပြီးပါပြီ။ တစ်တိုင်းလုံးမှာရှိတဲ့ ကလေးတွေ အင်နဲ့ အားနဲ့ လာရောက်ပြီးတော့ လေ့လာနိုင်အောင်၊ ပါဝင်ဆင်နွှဲနိုင်အောင် စီစဉ်ထားပါတယ်။ ပွဲတော်ရက် (၃) ရက်စလုံးကို လေ့လာဖို့ဖိတ်ခေါ်၊ တိုက်တွန်းထားပါတယ်။

 

 

ဒေါ်သီတာဝင်း (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တိုင်းဦးစီးမှူး ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊)

"ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသား" ပြခန်းပြသရတဲ့  ရည်ရွယ်ချက်က ကျွန်မတို့ ဧရာဝတီ တိုင်းဒေသကြီးမှာ တကယ့်ကိုထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေရှိပါတယ်။ ဦးသန့်ဆိုရင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် နှစ်ကြိမ်တိတိ အရွေးခံရပြီးတော့ ရှစ်နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ သမ္မတ အဆက်ဆက် ဒေါက်တာဘဦးကစပြီး သမ္မတကြီး ဦးဝင်းမြင့်အထိ အားလုံးပေါင်း (၁၂) ဦးမှာ ကျွန်မတို့ ဧရာဝတီတိုင်းသားက (၄) ဦး ပါပါတယ်။ အင်မတန် ဂုဏ်ယူဖို့ကောင်းပါတယ်။ နောက်ပြီး စာပေလောကမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ ဦးသုခ၊ မောင်ထင်၊ ဒဂုန်တာရာ၊ ဆရာဇော်ဂျီ တို့လို အတုယူစရာကောင်းတဲ့ စာပေပညာရှင်ကြီးတွေ ရှိပါတယ်။ သူတို့လဲ ဧရာဝတီ တိုင်းသားတွေ ဖြစ်ပါတယ်။ ကာတွန်းဆရာကြီး ဦးဘကလေး (ရွှေကလေး) ဆိုရင် မြန်မာပြည်မှာ ပထမဦးဆုံးလို့ပြောလို့ရတယ်။ ဒီပုဂ္ဂိုလ်ကြီးကလည်း ဧရာဝတီ တိုင်းမှာ မွေးတာ။ ပန်းချီဆရာကြီး ဦးဘဉာဏ်လည်း ဧရာဝတီတိုင်းမှာပဲမွေးတာ။ မြန်မာနိုင်ငံရဲ့ အထင်ကရ နိုင်ငံရေး၊ စာပေ၊ ဂီတ၊ ရုပ်ရှင်ပညာရှင်တွေ မွေးဖွားတဲ့ နေရာဖြစ်ပါတယ်။ ရုပ်ရှင်မှာဆိုရင် ဗိုလ်အောင်ဒင် ဇာတ်ကားရိုက်တဲ့ ရွှေဒုံးဘီအောင် သည်လည်း ကျွန်မတို့ဧရာဝတီတိုင်းသားဖြစ်ပါတယ်။ နောက်ပြီး မင်းသမီး မေမေဝင်း၊ ခင်မောင်ရင်နဲ့ ကောလိပ်ဂျင်နေဝင်း စတဲ့ အနုပညာရှင်တွေကလဲ ဧရာဝတီတိုင်းက ဖြစ်ပါတယ်။  ဒါကြောင့် တကယ့်ကို ထူးချွန်တဲ့သူတွေ ဧရာဝတီတိုင်းက  ထွက်တယ်။ နိုင်ငံရေးမှာဆိုရင်လည်း နိုင်ငံရေးခေါင်းဆောင်ကြီး မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဖြစ်သူ ဒေါ်ခင်ကြည်လဲ ဒီမှာမွေးဖွားတာဖြစ်ပါတယ်။ ဒီဧရာဝတီတိုင်းက တကယ့်ကိုရေခံမြေခံကောင်းပြီး ထင်ရှားတဲ့၊ ထူးချွန်တဲ့၊ အရည်အချင်းရှိတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေ ထွက်တယ်။ ကာတွန်းဆရာကြီး ဦးဘဂျမ်းဆိုရင်လည်း ကမ္ဘာမှာတောင် ထင်ရှားပါတယ်။ ဒါကြောင့် နောက်လူငယ်တွေ၊  ဒီဧရာဝတီတိုင်းမှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ဒီလို ပုဂ္ဂိုလ်မျိုးတွေ ပေါ်ထွက်ခဲ့တဲ့ ဧရာဝတီတိုင်းမှာ နေရတာအင်မတန်ကို ဂုဏ်ယူဖို့ကောင်း တယ်ဆိုတာကို ကလေးတွေ အတုယူစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပြခန်းကိုပြရခြင်း ဖြစ်ပါတယ်။ ကလေးစာပေပွဲတော်ကို တိုင်းနှင့်ပြည်နယ် တော်တော် များများမှာ ကျင်းပနေသလို ကျွန်မတို့ဆီမှာလည်း ကျင်းပတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်။ ဧရာဝတီ တစ်တိုင်းလုံးမှာရှိတဲ့ ကလေးတွေအားလုံး ဒီ ကလေးစာပေပွဲတော်ကြီးကို အားလုံးတက်ရောက် စေလိုပါတယ်။ ဒီမှာဆိုရင် ဗဟုသုတရရှိဖွယ်၊ အတုယူဖွယ်၊ ပျော်စရာတွေ အကုန်လုံး စုံညီတဲ့အတွက်ကြောင့် ကလေးတွေအားလုံးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ လာရောက်ကြမယ်လို့မျှော်လင့်ပါတယ်။

 

 

ဦးလွင်ဦး (လက်ထောက်ညွှန်ကြားရေးမှူး၊ တိုင်းပညာရေးမှူးရုံး)

ဧရာဝတီတိုင်းဒေသကြီးမှာ ကလေးစာပေပွဲတော်ကို ပထမဆုံးအကြိမ်ကျင်းပတဲ့အတွက် အရမ်း ဝမ်းမြောက်ပါတယ်။ ပထမဆုံးအကြိမ်ကျင်းပရာမှာ ဧရာဝတီတိုင်းရဲ့ ကိုယ်စားဆောင်ရွက်ခွင့်ရတာကြောင့် ဝမ်းသာပါတယ်။ အသိပညာပေးပြခန်းမှာဆိုရင် ကလေးတွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေ၊ သဘာဝပြခန်းဆိုရင် မိကျောင်းပေါက်ကလေးကို မြင်တွေခွင့် ရအောင် ပြသထားပါတယ်။

ဧရာဝတီတိုင်းရဲ့ မြို့နယ်(၂၆)မြို့နယ်မှာရှိတဲ့ အခြေခံပညာကျောင်းသား၊ ကျောင်းသူတွေ အားလုံးနဲ့  လူငယ်တွေပါ လာရောက်ကြည့်ရှုပြီး ဗဟုသုတရနိုင်ဖို့အတွက် ဖိတ်ခေါ် ပါတယ်။ လာရောက်ပါလို့ မေတ္တာရပ်ခံပါတယ်။

အောင်မင်းဟန်နှင့်အဖွဲ့