ပူဇာစ ပူဇနေယျာနံ

မောင်မြင့်အေးရေ . . .

၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့မှာ နိုင်ငံတော်က ဆက်ကပ်လှူဒါန်းအပ်နှင်းတဲ့ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများထဲမှာ တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားပြီး ဩဇာတိက္ကမကြီးတဲ့၊ ပျံလွန်တော်မူပြီးဖြစ်တဲ့ လယ်တီဆရာတော်ကြီး၊ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီးနဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်က ဒေါက်တာဘဒ္ဒန္တ သီလာနန္ဒာဘိဝံသ (ပါဠိ-ရိုမန်) ဆရာတော်ကြီးတွေလည်း ပါဝင်တာတွေ့ရတော့ ဝမ်းမြောက်နုမော် သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိတယ်ကွယ်။

ဖော်ပြပါ ဆရာတော်ကြီးများဟာ ပျံလွန်တော်မူခဲ့ကြပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ ပရိယတ္တိ၊ ပရိပတ္တိသာသနာတော်မှာ နေလိုလလို ထင်ရှားကျော်ကြားခဲ့ရုံမက ဆရာတော်ကြီးများရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများရဲ့ နှလုံးသားထဲမှာ အစဉ်ထာဝရ ကိန်းဝပ်တည်ရှိနေပြီး ရှိခိုးကော်ရော် ပူဇော်လျက် ရှိနေဆဲပါ။

ကျမ်းပေါင်းများစွာရေးသား

ကျေးဇူးရှင် လယ်တီဆရာတော်ကြီးဟာဆိုရင် ပရမတ္ထဒီပနီဋီကာသစ်၊ အလင်းကျမ်းဒီပနီ၊ ပဋ္ဌာနူဒ္ဒေသဒီပနီ၊ သဒ္ဒါကျမ်းအစရှိတဲ့ ပါဠိဘာသာအားဖြင့် စီရင်ရေးသားအပ်တဲ့ ကျမ်းပေါင်းများစွာ၊ ဥတ္တမပုရိသဒီပနီ၊ သာသနာ့ဝိသောဓနီ၊ အနတ္တဒီပနီ၊ ဘာဝနာဒီပနီ၊ ကမ္မဋ္ဌာနဒီပနီ၊ ဗောဓိပက္ခိယဒီပနီ၊ နိဗ္ဗာနဒီပနီ၊ သဒ္ဒသံခိပ်ကျမ်းများ အစရှိတဲ့ မြန်မာဘာသာဖြင့် စီရင်အပ်သော ကျမ်းပေါင်းများစွာကို ရေးသားတော်မူခဲ့ပါတယ်။ 

ထိုမျှမက ကျမ်းပေါင်းများစွာ ပြုစုရေးသားတော်မူခဲ့တဲ့ လယ်တီဆရာတော်ကြီးဟာ ကျောင်းသားလူငယ်လေးတွေ “ဗုဒ္ဓဝင်”ကို နှုတ်တက်ဆောင်ရအောင် စုပေါင်းရွတ်ဆိုတဲ့အခါမှာ သာယာနာပျော်ဖွယ် အသံလေးနဲ့ ရွတ်ဆိုချင်လာအောင် “သုံးလူ့ရှင်ပင် ကျွန့်ထိပ်တင် သောင်းခွင်စကြဝဠာ” အစချီတဲ့ ဘယ်နေ့မှာ သန္ဓေယူတော်မူတယ်။ ဘယ်နေ့မှာ ဖွားမြင်တော်မူတယ်။ ဘယ်နေ့မှာ တောထွက် တော်မူတယ်။ ဘယ်နေ့မှာ ဘုရားစင်စစ် ဧကန် ဖြစ်တယ်။ ဘယ်နေ့မှာ ဓမ္မစကြာတရား ဟောတော်မူတယ်။ ဘယ်နေ့မှာ ပရိနိဗ္ဗာန် စံတော်မူတယ်။ ဘယ်နေ့မှာ တေဇောဓာတ်လောင်ကျွမ်းတော် မူတယ်ဆိုတဲ့ ရတုလေး ခုနစ်ပုဒ်၊ နောက်ဆုံး ဘုရားရှိခိုးတစ်ပုဒ်နဲ့ ရှစ်ပုဒ်ကို ရေးသားစပ်ဆိုတော်မူခဲ့ပါတယ်။ သည်ရတု စာကလေးတွေကို ကျက်လိုက်လို့ရှိရင် ကလေးတွေဟာ အာဂုံရသွားတာ များပါတယ်။
လယ်တီဆရာတော်ကြီးဟာ စာရေးခြင်းမှာ အဘယ်မျှ ဇွဲလုံ့လ ကြီးမားတော်မူသလဲဆိုရင် တစ်နေ့သောအခါ စင်္ကြံအနီး ရေချိုးအိမ်မှာ ရေချိုး နေလျက်က ရေးလက်စစာကို စဉ်းစားရင်း စိတ်ကူးတစ်ချက်ပေါ်လာတဲ့အတွက် တစ်ကိုယ်လုံး ရေစိုရွှဲလျက် ရေသနုပ် မလဲဘဲ ရေးလက်စစာကို ဆက်ပြီး ရေးနေခဲ့ပါတယ်။

တပည့်များက မလျှောက်ဝံ့လို့ သီတင်းသည် အဖြစ်လာရောက်နေထိုင်တဲ့ ဓာတ်ဆရာကြီး ဦးမြို့အား လျှောက်ပေးဖို့ပြောလို့ သင်းပိုင်ရေစိုကြီးနဲ့ စာရေးနေတဲ့ ဆရာတော်ကြီးအား သွားရောက် လျှောက်ထားတဲ့အခါ ဆရာတော်ကြီးက . . .

“ဟေ့ . . . မောင်မြို့ရေ။ ခန္ဓာကိုယ်ကြီး အလိုလိုက်နေရင် ကြံစည်ထားတဲ့စာ အဓိပ္ပာယ်တွေ ပျောက်ကုန်မှာပေါ့။ ခန္ဓာကိုယ်ကြီးဟာ ငါ့စာ တစ်လုံးလောက် တန်ဖိုးမရှိပါဘူးကွာ”လို့ မိန့်တော်မူကာ ရေးလိုတဲ့စာ ရေးပြီးမှ ရေပြန်ချိုးတော်မူသတဲ့။

ဆရာတော်ကြီးဟာ စာရေးတဲ့အခါ အများအားဖြင့် ညအခါမှာဖယောင်းတိုင်၊ ရေနံဆီမီးခွက်တွေနဲ့ ရေးရပါတယ်။ ခဲတံတစ်ရာ၊ နှစ်ရာ ချွန်ပေးထားရတယ်။ စက္ကူကိုလည်း ဖြတ်ပြီး အထပ်လိုက် ပုံထားရတယ်။ တစ်ညမှာ စာရေးကောင်းနေတုန်း ညနှစ်နာရီ ခန့် ရေနံဆီကုန်လို့ ရပ်လိုက်ရတဲ့အတွက် မိုးလင်းတဲ့အခါ ကပ္ပိယကိုခေါ်ပြီး . . 

“မင်းတို့ဟာက မုဆိုးမအိမ်က မီးခွက်လို ကရော်ကမယ် တော်စွလျော်စွ ကလေးကစားသလိုလုပ်တာကိုး။ သံဖြူဆရာဆီသွား၊ ရေနံဆီလေးထောင့်ပုံးကြီး တစ်လုံးကို မီးခွက်လုပ်ခဲ့၊ မီးစာလည်းတစ်လ နှစ်လခံအောင်တပ်။ ရေနံဆီလည်း အပြည့်ထည့်ပြီး ငါ့ခေါင်းရင်းမှာထား၊ ဒီလိုဆိုတော့ အခက်အခဲ မရှိတော့ဘူးပေါ့ကွယ်”လို့ မိန့်တော်မူတယ်။ မိန့်ဆိုတဲ့အတိုင်း လုပ်ပေးရတယ်။ ဒါကြောင့်မို့လည်း သက်ရွယ်တော် ကြီးရင့်တဲ့အခါမှာ မျက်စိရောဂါ ဖြစ်ခဲ့ပါတယ်။ 

လယ်တီဆရာတော်ကြီးရဲ့ ထိုထိုသော ပရိယတ္တိအစွမ်းကြောင့် အင်္ဂလိပ်အစိုးရက ၁၂၇၃ ခုနှစ် မှာ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့ကိုလည်းကောင်း၊ ၁၂၈၃ ခုနှစ်မှာ “ဒီ-လစ် ပိဋကတ္တယပါရဂူ” ဘွဲ့ကို လည်းကောင်း ဆက်ကပ်လှူဒါန်းခံခဲ့ရပါတယ်။ ဆရာတော်ကြီးကတော့ ထိုဘွဲ့ထူးကြီးတွေကို ကိုယ်တိုင်ကြွရောက်ပြီး ယူတော်မမူခဲ့ပါဘူး။

ကျော်ကြားထင်ရှား

လယ်တီဆရာတော်ကြီးဟာ ပရိယတ္တိ အရာ သာမက ပဋိပတ္တိအရာမှာလည်း ကျော်ကြား ထင်ရှားပါပေတယ်။ ဆရာကြီး ဓမ္မာစရိယ ဦးဌေးလှိုင်က မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများစာအုပ်မှာ “မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင်ကိုရေးရာ၌ လယ်တီဆရာတော်အကြောင်း မပါဝင်လျှင် ပြည့်စုံသော သာသနာဝင် တစ်စောင်မဖြစ်နိုင်ပေ။ လွန်ခဲ့သော အနှစ်တစ်ရာကျော်က ‘လယ်တီဆရာတော်’ဟူ၍ မပေါ်ပေါက်ခဲ့ပါလျှင် ယနေ့မြန်မာနိုင်ငံ သာသနာဝင်သည် ယခုကဲ့သို့ ရှိကောင်းမှ ရှိပေလိမ့်မည်။ ဆရာတော်၏ ပဋိပတ်လုပ်ငန်းမှာလည်း အံ့ဘနန်းရှိ လှပေ၏။ ဤအတ္ထုပ္ပတ္တိကို ဖတ်ပြီးလျှင်မူ ပရိယတ္တိမျှဖြင့် ထိတွေ့သိမီဖူးသူများပင် နောင်တဖြစ်ကောင်းဖြစ်ပေမည်” စသဖြင့် ရေးသားခဲ့ပါတယ်။

လယ်တီဆရာတော်ကြီးဟာ ရတနာသုံးပါး ရဲ့ဝတ်ပဋိပတ်ကို ဖြည့်ရာမှာ အထူးခြားဆုံး ဖြစ်တော်မူပါတယ်။ သံဃာပရိသတ်နဲ့နေတဲ့အခါ စာချ၊ စာရေးဟောပြောရုံသာမဟုတ်။ သံဃာတော်များအတွက် တစ်မြို့လုံး လှည့်လည် ဆွမ်းခံကျွေးခြင်း၊ တံမြက်ဝတ်၊ ရေဝတ်များသာမက သံဃာများ စားသောက်ပြီးတဲ့ ပန်းကန်များ ဆေးတဲ့အထိ ဆောင်တော်မူပါတယ်။ ကုဋီအိမ်နဲ့တကွ ရေအိုးမှန်သမျှ နံနက်လေးနာရီဆို ရေတွင်းမှ ရေငင်ပြီး၊ လောင်းထည့်ပြီးဖြစ်တယ်။ တိုက်တွင်းရှိ သံဃာများ အတွက်သာမက မုံရွာမြို့တွင်းရှိ သံဃာအများရှိရာ ကျောင်းတိုက်ကြီးများမှာလည်း ထိုနည်းတူ ကုဋီရေ ဖြည့်ခြင်း၊ ကနုတံဆေးခြင်း၊ ရေခပ်ခြင်း၊ တံမြက်လှည်းခြင်းများပြုပြီးမှ ဆွမ်းခံလေ့ရှိတယ်။ ထို စေတိယင်္ဂဏဝတ်၊ သံဃာဝတ်ကို ပြင်းပြင်းထန်ထန် ဆောင်တော်မူတာ အနှစ်နှစ်ဆယ်လုံးလုံး ဖြစ်ပါတယ်။

ဆရာတော်ကြီးကို ပင့်ပြီး တရားပွဲလုပ်

ဆရာတော်ကြီးဟာ ထိုထိုသော သီလ၊ ခန္တီ၊ မေတ္တာ၊ သစ္စာ၊ သမာဓိ၊ ပညာစွမ်းအားများဖြင့်လည်း သတ္တဝါတို့ရဲ့ အကျိုးစီးပွားကို ဆောင်ရွက် ပေးတော်မူခဲ့ပါတယ်။ ၁၂၆၈ ခုနှစ်အတွင်းက ဟင်္သာတနယ်မှာ နောက်မိုးမသိမ်းလို့ လယ်ဧကများစွာပျက်စီးရမယ့် ကပ်ကြီးဆိုက်နေစဉ် အင်္ဂလိပ်လူမျိုး ဧရာဝတီမင်းကြီး မက်ကဆွဲက ဆရာတော်ကြီးကိုပင့်ပြီး တရားပွဲလုပ်ဖို့ အမိန့်ချခဲ့ပါတယ်။

ဆရာတော်ကြီးဟာ လာရောက်ပင့်တဲ့အချိန်က စပြီး အနှစ်နှစ်ဆယ်ကျော် ရေအလှူ နိဗဒ္ဓဝတ်ကြီးကို နေ့စဉ်ဆင်ခြင်ပြီး သစ္စာပြုကာ မေတ္တာပို့တော် မူပါတယ်။ သင်္ဘောနဲ့ ကြွတော်မူရာ ကမ်းလုံးညွတ်မျှ ကြိုဆိုကြတယ်။ သင်္ဘောဆိုက်ကပ်မယ်ရှိစဉ်မှာပဲ ရုတ်တရက် မိုးဆင်ပြီး၊ တစ်နာရီခန့်ကြာအောင် ရွာသွန်းချလာလို့ မြစ်လယ်မှာ သင်္ဘောကျောက်ချပြီး ဆိုင်းငံ့နေခဲ့ရပါတယ်။ လူတိုင်းအံ့ဩလို့မဆုံး၊ ဝမ်းသာမဆုံး ဖြစ်ကြရတယ်။ ဆရာတော်ကြီးက “အနှစ်နှစ်ဆယ်ကျော် ရေဝတ်ကြီး၏ အစွမ်းကွယ့်” လို့ မိန့်တော်မူပါတယ်။ ဒါ့အပြင် လယ်တီဆရာတော်ကြီးဟာ ထိုခေတ် ထိုအခါက မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါစတဲ့ ကပ်ရောဂါဘေးဆိုးကြီးတွေ ကင်းပျောက်ငြိမ်းအေးသွားစေဖို့ ရောဂါဖြစ်ပွားရာ ထိုထိုမြို့ရွာတွေကို ကြွရောက်ပြီး သတ္တဝါတွေရဲ့ အကျိုးစီးပွား အလို့ငှာ ဆောင်ရွက်ပေးတော်မူခဲ့ပါတယ်။

ကျမ်းပေါင်း ၆၀ ရေးသားပြုစု

၂၀ ရာစုရဲ့ အရှင်မဟာဗုဒ္ဓဃောသရယ်လို့ ပညာရှင်များက တင်စားခေါ်တော်မူရလောက်တဲ့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်မဟာ ဇနကာဘိဝံသ အရှင်မြတ်ကြီးကတော့ နှစ်ပေါင်း ၄၀ ခန့်အတွင်းမှာ ကျမ်းပေါင်း ၆၀ မျှ ရေးသားပြုစု တော်မူခဲ့ပါတယ်။

ဆရာတော်ကြီးရဲ့ကျမ်းစာတွေဟာ အခြေပြု သဒ္ဒါ၊ အခြေပြုသင်္ဂြိုဟ်၊ သင်္ဂြိုဟ်ဘာသာဋီကာ၊ ပါတိမောက်ဘာသာဋီကာ စသဖြင့် သဒ္ဒါဘက်၊ အဘိ ဓမ္မာဘက်၊ ဝိနည်းဘက်တွေကစပြီး အဋ္ဌကထာ ဋီကာများဆိုင်ရာတိုင်အောင် ဘာသာစုံဖြစ်ခဲ့ ပါတယ်။ ထိုကျမ်းစာတွေအားလုံးဟာ ပရိယတ်ကို အားထုတ်သင်ယူ ပို့ချပေးလျက်ရှိကြတဲ့ စာသင်စာချ ရဟန်းသာမဏေတို့အဖို့ အလွန်ကျေးဇူးများတဲ့ ကျမ်းစာတွေ ဖြစ်ခဲ့ပါတယ်။ စာသင်စာချ ပုဂ္ဂိုလ်တိုင်း လက်စွဲပြုခဲ့ကြရတဲ့ကျမ်းတွေ ဖြစ်ခဲ့ပါ တယ်။
တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးဟာ ရဟန်းသာမဏေတွေအတွက်သာမက လူပုဂ္ဂိုလ်တွေ အတွက်လည်း ကျမ်းစာတွေကို ရေးသားပြုစုတော် မူခဲ့ပါတယ်။ ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ၊ အနာဂတ်သာသနာရေး၊ ဘာသာသွေး စတဲ့ ကျမ်းစာတွေက သာသနာရေးကို စိတ်ဝင်စားတဲ့ လူပုဂ္ဂိုလ်တွေအတွက် လွန်စွာကျေးဇူးများတဲ့ ကျမ်းစာတွေ ဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ အသက်ထက်ဆုံး ကျမ်းပြုပုဂ္ဂိုလ်အဖြစ် အပြည့်အဝ ခံယူတော်မူခဲ့ပါပေတယ်။ နောက်ဆုံးပျံလွန်တော်မူသည့်နေ့ ၁၃၃၉ ခုနှစ် နတ်တော်လဆုတ် ၂ ရက် အင်္ဂါနေ့ (၁၉၇၇ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်) အထိ သုတ်ပါထေယျ ပါဠိ အဋ္ဌကထာ ဘာသာဋီကာစာဝါကို ပို့ချတော်မူခဲ့ပါတယ်။

“အသက်မသေသေးရင် အလုပ်လုပ်ပြီးနေချင်တယ်။ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင်လည်း သေပြီး အနားယူမယ်”လို့ အမြဲတစေ မိန့်ကြားတော်မူလေ့ ရှိသလို “ငါတည်း တစ်ယောက်၊ ချမ်းသာရောက်ဘို့၊ ခုလောက်ကြိုးကုတ်၊ အားမထုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ၊ သာသနာ၏၊ ရှေးခါဘိုးဘ၊ လက်ထက်ကလျှင်၊ ရသည့်တန်ခိုး၊ ထပ်မညှိုးဘို့၊ အားကြိုးမာန်တက်၊ ငါ ဆောင်ရွက်သည်၊ ဆက်လက်တည်တံ့ပါစေ သောဝ်”ဆိုသည့် ရေးထိုးခဲ့သော လင်္ကာ မော်ကွန်း အတိုင်းလည်း အဂ္ဂမဟာပဏ္ဍိတဂန္ထကာရက ကျမ်းပြုအကျော်အမော် မဟာဂန္ဓာရုံဆရာတော် ကြီးဟာ သာသနာနဲ့ နိုင်ငံတော်အတွက် သေအံ့ဆဲဆဲ အခါသမယအထိ အပြောနဲ့အလုပ် ညီညွတ်စွာ လုပ်ပြသွားတော်မူခဲ့ပါပေတယ်။

မင်းကွန်းတိပိဋက ဆရာတော်ကြီးက “တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး ပျံလွန်တော် မူတာဟာ သာသနာတော်မှာ ခက်မကြီးငါးဖြာရှိတဲ့ သာသနာ့သစ်ပင်ကြီးက ကိုင်းကြီးတစ်ကိုင်း ကျိုးကျသွားသလို ဆုံးရှုံးမှုကြီးပါပဲ”လို့ မိန့်ကြား တော်မူခဲ့ပါတယ်။

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ကလည်း “မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ရာရတနာများ” တရားတော်မှာ ပါဠိပိဋက စာပေရတနာများရဲ့ တန်ဖိုးကို ဟောကြားရင်း တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးနဲ့ ဆက်စပ် ပြီး -

“မြန်မာနိုင်ငံမှာ ဘာသာဋီကာကျမ်းပေါင်းများစွာ ရေးသားသွားတဲ့ အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသဆိုလို့ရှိရင် မန္တလေးစာသင်နည်းနဲ့ အဘိဝံသ စာမေးပွဲအောင်ပြီး တဲ့အခါမှာ ပခုက္ကူစာသင်နည်းနဲ့ ကျမ်းကြီးဖောက် ဖောက်ခဲ့တာ။ နည်းနှစ်ခုစလုံးကို ကျွမ်းကျင် လိမ္မာတော်မူတဲ့ ဆရာတော်ကြီး ဖြစ်တယ်။ ထိုဆရာတော်ကြီး မရှိတော့တာဟာ မြန်မာလူမျိုးတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်တယ်”လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ 

နေလို လလို ထင်ရှားတော်မူတဲ့ ဆရာတော်ကြီးများဖြစ်
မိုးကုတ်ဆရာတော်ကြီးနဲ့ မဟာစည် ဆရာတော်ကြီးတို့ကတော့ မြန်မာနိုင်ငံရဲ့ ပဋိပတ္တိ သာသနာဝင်မှာ နေလိုလလို ထင်ရှားတော်မူတဲ့ ဆရာတော်ကြီးတွေ ဖြစ်ပါပေတယ်။

မိုးကုတ်ဆရာတော်ကြီးဟာ လူတို့ရဲ့ စရိုက်အထာ သက္ကာယဒိဋ္ဌိကို များစွာပေါ်လွင်အောင်၊ အငြိအတွယ်တွေ ရှင်းလင်းအောင် ကြိုတင်ပြီး ခွာနိုင်သမျှ ခွာပေးတော်မူလေ့ရှိတယ်။ မည်မျှ ဂုဏ်သရေ ရှိသူကိုပင် မညှာ။ တင်းတင်းရင်းရင်း တိုက်ရိုက်ပင်ပြော၏။ လက်ညှိုးထိုး၍ ပြတော်မူပါတယ်။ “ပဋိစ္စ သမုပ္ပာဒ်တရားကို မိုးကုတ်ဆရာတော် တရားစာအုပ်ကြည့်မှပဲ နားလည်တော့တယ်”လို့ စာတတ် ပုဂ္ဂိုလ်ကြီးများပင် ချီးကျူးရလောက်အောင် ရှင်းလင်းစွာ ဟောကြားတော်မူခဲ့ပါတယ်။ ဆရာကြီး ဓမ္မာစရိယဦးဌေးလှိုင်က ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်မှာ “ဆန်းကြယ် သော တရားစကားအရာတွင် ဆရာတော်ကား ‘ဒီခေတ် မြန်မာနိုင်ငံ ရှင်ကုမာရ ကဿပ’ပင်ဖြစ်၍ သာလွန်သူကို မဆိုထားဘိ၊ အလားတူ ပေါ်ထွက်ရန်ပင် မလွယ်ကူပါချေ”ဆိုပြီး ရေးသားခဲ့ပါတယ်။

ထို့အတူ မဟာစည်ဆရာတော်ကြီးကိုလည်း ဆဋ္ဌသံဂါယနာတင်ပွဲရဲ့ အကြီးအကဲ သံဃမဟာ နာယကဖြစ်တော်မူတဲ့ အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ် ဆရာတော်ကြီးက “မဟာစည်ဆရာတော်ဟာ သင်္ဂြိုဟ်ဆရာ- ဋီကာကျော် ဆရာတို့၊ အခြား ကျမ်းပြုဆရာတို့ မမြင်တဲ့ အမှားတွေကိုတောင် မြင်အောင်ကြည့်နိုင်တယ်။ ဒီကရှေ့ မဟာစည် ဆရာတော်ထက် သာသူကိုမပြောနဲ့၊ တန်းတူ ပုဂ္ဂိုလ်ကိုတောင် တွေ့ရဖို့ မလွယ်ဘူး။ မဟာစည်ဆရာတော်ရဲ့ စွမ်းရည်သတ္တိကို သိလို့လည်း ‘ဝိသုဒ္ဓိမဂ်၊ မဟာဋီကာကြီးနိဿယ’ ရေးဖို့ တို့များက တိုက်တွန်းခဲ့တယ်” လို့ မိန့်တော်မူ ခဲ့ပါတယ်။


ပဋိပတ္တိအရာမှာလည်း မဟာစည်ဆရာတော်ကြီးဟာ ၁၄ ဝါအရကပင် စတင်ပြီး ကမ္မဋ္ဌာန်းပြခဲ့ရာမှာ မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံတကာမှာလည်း ဌာနခွဲပေါင်းများစွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ သိန်းသန်းချီတဲ့ ပြည်တွင်း ပြည်ပ ယောဂီပေါင်းများစွာကို ဝိပဿနာတရားအား ထုတ်ပွားများနိုင်အောင် သာသနာပြုတော် မူခဲ့ ပါတယ်။ 

ဒေါက်တာဘဒ္ဒန္တ သီလာနန္ဒာဘိဝံသ(ပါဠိ-ရိုမန်) ဆရာတော်ကြီးကတော့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ရဲ့ ပထမ ပါမောက္ခချုပ် ဆရာတော်ကြီးဖြစ်ပါတယ်။

ဒုတိယမြောက် ပါမောက္ခချုပ်ဆရာတော် ဖြစ်တော်မူခဲ့တဲ့ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသက ပထမပါမောက္ခချုပ် ဆရာတော်ဖြစ်တော်မူခဲ့သည့် အရှင်သီလာနန္ဒာ ဘိဝံသဆရာတော်ကြီးနဲ့ပတ်သက်ပြီး “ဆရာတော် ဦးသီလာနန္ဒက အင်မတန်မှ စေ့စပ်သေချာတယ်။ စာပေနဲ့ ပတ်သက်လို့ရှိရင်လည်း အလွန်စေ့စပ်တယ်။ အင်္ဂလိပ်စာလည်းကောင်းတယ်။ သက္ကတ လည်းတတ်တယ်။ ပါဠိလည်းတတ်တယ်။ ဖျတ်ခနဲ ကြည့်လိုက်တာနဲ့ ဒီစာ အမှား၊ အမှန်ကို သူက ချက်ချင်းစိစစ်တတ်တယ်။ နောက်ပိုင်းတော့ ဂျပန်တွေနဲ့အဆက်အသွယ်ရပြီး ဂျပန်ပြည်ကြွလိုက်သေးတယ်။ နောက်တော့ မဟာစည်ဆရာတော်ကြီးနဲ့ အမေရိကပါသွားရင်းက မဟာစည်ဆရာတော် ကြီး တာဝန်ပေးတာနဲ့ အမေရိကမှာ သာသနာပြုဖို့နေခဲ့တာပေါ့။ အဲဒီနောက် အမေရိကမှာ အနေများသွားတာ” စသဖြင့် မိန့်ကြားတော် မူခဲ့ပါတယ်။

မောင်မြင့်အေးရေ . . .

သို့ကလို ပူဇော်သင့်ပူဇော်ထိုက်တဲ့ ပညာရှိ သူတော်ကောင်းပုဂ္ဂိုလ်တွေကို နိုင်ငံတော်က ပူဇာစ ပူဇနေယျာနံ ဆိုတဲ့ (၃၈) ဖြာမင်္ဂလာတရားတော်နဲ့ အညီ ဂုဏ်ပြုပူဇော်တာဟာ အလွန်သင့်လျော် ကောင်းမြတ်တဲ့ ချီးကျူးဂုဏ်ပြုမှုပဲကွဲ့။ နှစ်သစ် မင်္ဂလာမှာ မင်္ဂလာရှိပါပေတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ ဘကြီးကောင်း အနေနဲ့လည်း ဝမ်းမြောက်နုမော် သာဓုခေါ်ပါတယ်ကွယ်။ 

သာဓု သာဓု သာဓု။ ။

ဘကြီးကောင်း