ပျူမျိုးနွယ်စု (ခေါ်) တောင်သားလူမျိုးများ ပထမအကြိမ် တွေ့ဆုံပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ထီးလင်း ဒီဇင်ဘာ ၈

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ဝက်သက်ကျေးရွာတွင် ထီးလင်း၊ ဆော၊ ဂန့်ဂေါ၊ စေတုတ္တရာ၊ မင်းတပ် စသည့် မြို့နယ်ပေါင်းစုံ မြို့/ရွာအသီးသီးမှ ပျူမျိုးနွယ်စု(ခေါ်) တောင်သားလူမျိုးများ ပထမအကြိမ်တွေ့ဆုံပွဲကို အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ တောင်သားလူမျိုးတို့ ရိုးရာအစဉ်အလာမပျက် အတီးအမှုတ် အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

တွေ့ဆုံပွဲသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒု-ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်း၊ တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းဇော်၊ တောင်သားလူမျိုးစု နာယကကြီး ဦးကျော်စိန်နှင့် မြို့နယ်ပေါင်းစုံ မြို့/ရွာ အသီးသီးမှ ပျူမျိုးနွယ်စု(ခေါ်) တောင်သားလူမျိုးများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

 

တောင်သားလူမျိုးသည် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်၊ ဆောမြို့နယ် ယောနယ်ဒေသတွင် အမှန်တကယ်နေထိုင်လျက်ရှိပြီး တောင်သားလူမျိုးများသည် နောင်နှစ်များမကြာမီ မျိုးနွယ်စုတစ်ခုလုံး ပျောက်ကွယ်သွားနိုင်သည့် အခြေအနေတွင် ရှိသည့်အတွက် တောင်သားလူမျိုးများ ပျောက်ကွယ်မသွားနိုင်စေရန် မြို့နယ်ပေါင်းစုံ တောင်သားလူမျိုးများ စုံညီတွေ့ဆုံပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးလွှတ်တော်တို့၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မျိုးနွယ်စုတစ်ခုလုံး ပျောက်ကွယ်မသွားစေရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် တိုင်းရင်းသား မျိုးနွယ်စုများစာရင်းတွင် အမှန်တကယ် ပါဝင်နိုင်ရန်၊ တောင်သားလူမျိုးများ သမိုင်းအမှန် ဖော်ထုတ်ပေးနိုင်ပါရန်နှင့် တောင်သားစကားကို စာပေဖြင့် အဘိဓာန်ကဲ့သို့ စနစ်တကျ မှတ်တမ်းတင်ထားရှိပေးနိုင်ရန် ဒေသခံတောင်သားလူမျိုးများ လိုလားလျက်ရှိကြောင်း သိရသည်။ 

 

သတင်းနှင့် ဓာတ်ပုံ - သန်းနိုင်ဦး(ငဖဲ)