ပူတာအိုမြို့အတွင်း နေအိမ်နှင့်ဈေးဆိုင်ခန်းများအား လိုက်လံဖောက်ထွင်း ခိုးယူနေသူနှစ်ဦး ဖမ်းဆီးရမိ

ပူတာအို ၂ ဩဂုတ်

 

ကချင်ပြည်နယ် ပူတာအိုမြို့တွင် ပူတာအိုမြို့မရဲစခန်းမှ နယ်ထိန်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လှည့်ကင်းဆောင်ရွက်နေစဉ် မြို့အတွင်းရှိ ဆိုင်ခန်းများအား လှည့်လည်ဖောက်ထွင်း ခိုးယူသူနှစ်ဦးကို ဖမ်းဆီးရမိကြောင်း ပူတာအိုမြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ လွန်ခဲ့သောလအတွင်း ပူတာအိုမြို့တွင် ဆိုင်ခန်းဖောက်ထွင်း ခိုမှုများ မကြာခဏဖြစ်ပွားနေကြောင်း သိရသဖြင့် နယ်မြေစိုးမိုးရေးအတွက် ပူတာအိုမြို့မရဲစခန်းမှ နယ်ထိန်း ဒုရဲအုပ်သိန်းထူးအောင်၊ ရဲတပ်ကြပ်စိုးကျော်သူ၊ ရဲတပ်ကြပ်ဝါခယ့်ဒီးဇီနှင့် အဖွဲ့သည် နေ့စဉ် ညစဉ် လှည့်ကင်းဝပ်ကင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမဘုခင်၊ ကောင်ကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခရီးဇီရင်ထန်တို့ ပူးပေါင်းအဖွဲ့က လှည့်ကင်းတာဝန်ယူနေစဉ်  ကောင်ကထောက်ရပ်ကွက်ဘက်သို့ လမ်းလျှောက်လာသော မသင်္ကာဖွယ်လူနှစ်ဦးအား စစ်ဆေးမေးမြန်းရာမှ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်။

 

အဆိုပါလူနှစ်ဦးအား စစ်ဆေးမေးမြန်ရာ ပူတာအိုမြို့နယ် လုံဂါဂေါင်ကျေးရွာနေ ဦးနောရဲဆော့နှင့် ဦးဂီးဒီရဲ့ဆိုသူများဖြစ်ပြီး ဦးနောရဲဆော့ လွယ်ထားသော လွယ်အိတ်အတွင်းမှ ငွေစက္ကူရောရာ ၁၃၆၅ ကျပ်၊ တစ်ထောင်တန် ဖုန်းငွေဖြည့်ကတ် (၁၂)ကတ်၊ ဖောက်ထွင်းခိုးယူရာတွင် အသုံးပြုသော ပစ္စည်းများဟု ယူဆရသည့် ကျောက်လက်အကြီး (၁)လက်နှင့် ခေါင်းပတ်ဓာတ်မီး (၁)လက်၊ ဦးဂီးဒီရဲ့လွယ်ထားသော လွယ်အိတ်အတွင်းမှ ပလာရာ (၁)လက်နှင့် ဆိုင်ကယ်စီး မိုးကာအနီ (၁)ထည်တို့ကို တွေ့ရပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား မပြောပြနိုင်သည့်အပြင် ဈေးဆိုင်များမှ ခိုးယူသည်ဟု မသင်္ကာဖွယ်တွေ့ရသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံရေးသွင်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

ယင်းအမှုနှင့်ပတ်သက်၍ ဒုရဲအုပ်သိန်းထူးအောင်ဦးစီးသည့် နယ်ထိန်းတပ်ဖွဲ့ဝင်များက ဆက်လက် စစ်ဆေးဖော်ထုတ်ရာ ၎င်းတို့နှစ်ဦး ဖောက်ထွင်းခိုးယူခဲ့သော ပူတာအိုမြို့ပေါ် ဈေးဆိုင်ခန်း (၆)ဆိုင်နှင့် မုဒုံ(၁)ကျေးရွာမှ ဈေးဆိုင်(၁)ဆိုင်တို့မှ ခိုးယူခဲ့သော သက်သေခံပစ္စည်းများ၊ မချမ်းဘော့မြို့နယ် ငွါးဇာခါးကျေးရွာနှင့် ကောင်းမှုလုံကျေးရွာရှိ ဆိုင်ကယ်ပြင်ဆိုင်/ ဝပ်ရှော့ဆိုင်များမှ ဆိုင်ကယ်အင်ဂျင်ရှေ့ဟတ် (၂)လုံး၊ ကာပလိုက်တာ (၁)စုံ၊ ရှေ့နောက်သော့ (၂)စုံ၊ ချိန်းစပေါ့ကဒ် (၆)စုံ၊ ကျောက်လက် (၅)ချောင်း၊ အင်ဂျင်ဝိုင် (၂)ဘူး၊ ဆိုင်ကယ်ကျွတ် (၂)ခု စသည့်သက်သေခံပစ္စည်းတို့ကို ထပ်မံသိမ်းဆည်းရမိသဖြင့် ဒုရဲအုပ်သိန်းထူးအောင် တရားလိုပြုလုပ်၍ လုံဂါဂေါင်ကျေးရွာနေ ဦးနောရဲဆော့ (၂၄)နှစ်နှင့် ဦးဂီးဒီရဲ့ (၂၁)နှစ်တို့အား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

 

ဆန်းညွန့်(ပူတာအို)

 

mdn