ပူတာအိုမြို့နယ် ရီကျော်ဒီကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေး

ပူတာအို ဇွန် ၁

 

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်ကျေးရွာဖြစ်သည့် ရီကျော်ဒီကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ (၇)ကြိမ်မြောက် ထုတ်ချေးပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဦးစွာ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင်များအား ရန်ပုံငွေများ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

မြစိမ်းရောင်ကျေးရွာစီမံကိန်း (၇)ကြိမ်မြောက်အဖြစ် ပူတာအိုမြို့နယ် ရီကျော်ဒီကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၂ ဦးကို ငွေကျပ် ၃၅၉ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦးကို ငွေကျပ် ၃၁ သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၉ ဦးကို ငွေကျပ် ၁၅၃ သိန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ သုံးဦးကို ငွေကျပ်သိန်း ၃၀၊ စုစုပေါင်းအသင်းသား၊ အသင်းသူ ၉၆ ဦးကို အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၅၇၃ သိန်းကို ကျေးရွာကော်မတီဝင်များက ကျေးရွာ၌ နေ့ချင်းပြီးထုတ်ချေးပေးခဲ့ကြောင်း ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်ထံမှ သိရသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)