ပူတာအိုမြို့နယ်တွင် သတင်းပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓာတ်ပုံများပြပွဲ ကျင်းပ

ပူတာအို ၁၆ မေ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ်စက်ဝန်းအရ သတင်းပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓာတ်ပုံများပြပွဲကို မေ ၁၅ ရက်နံနက် ၉ နာရီက လုံရှာယာန်ကျေးရွာအုပ်စု အင်ဖွမ်းဂါးကျေးရွာ၌ ကျင်းပခဲ့သည်။

အဆိုပါပြပွဲတွင် လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်နေသာ လုပ်ငန်းများ၊ မူဝါဒလုပ်ဆောင်ချက်များနှင့် သတင်းအချက်အလက်များ၊ ဗဟုသုတများနှင့် မှတ်တမ်းဓာတ်ပုံများကို ကျေးရွာသူ၊ ကျေးရွာသားများ လေ့လာ သိရှိခွင့်ရရှိပြီး စီမံကိန်းအကြောင်းကို နားလည်သဘောပေါက် သိရှိလာစေရန်၊ ကျေးရွာလူထုမှ စီမံကိန်းအကြောင်းကို ပိုမိုသိရှိပြီး  ကျေးရွာကော်မတီဝင်များနှင့် အတူတကွပူးပေါင်း ဆောင်ရွက်နိုင်စေရန်၊ ကော်မတီဝင်အသစ်များအနေဖြင့် စီမံကိန်းအကြောင်းကို သိရှိနားလည်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများက စီမံကိန်းဆောင်ရွက်နေမှု မှတ်တမ်းဓါတ်ပုံများနှင့် စီမံကိန်းအချက်အလက် ဗွီနိုင်းများ ပြသခြင်းနှင့် ရှင်းပြခြင်း၊ ပြပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောဆိုခြင်းနှင့် စီမံကိန်းတွင် လုပ်ဆောင်မှုအဆင့်များကို ပြသခြင်းတို့ ဆောင်ရွက်ကြသည်။

ထို့နောက် တက်ရောက်လာသူများအား စီမံကိန်းမှ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စီမံကိန်းသတင်းအချက်အလက်များ စသည့် သက်ဆိုင်ရာကဏ္ဍအလိုက် မေးခွန်းများကို မေးမြန်းပြီး အမှတ်တရ စီမံကိန်းတံဆိပ်ပါ တီရှပ်အင်္ကျီများ၊ ဦးထုပ်များ၊ လက်ကမ်းစာစောင်များ၊ လက်စွဲစာအုပ်များ ပေးအပ်ခဲ့သည်။

အဆိုပါပြပွဲကို မေ ၁၅ ရက်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ ကျင်းပပြုလုပ်ခဲ့ပြီး လုံရှာယာန်ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၀ ရွာမှ စီမံကိန်းကော်မတီအဖွဲ့များ၊ ကျေးရွာလူထုများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ အပါအဝင် စုစုပေါင်း ၁၇၃ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မင်းမြင့်မိုရ်(ငါန်းဇွန်)