ပူတာအို၌ မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မြို့ပေါ်ရပ်ကွက်များတွင် လမ်းပိတ်ဆို့မှုနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်

ပူတာအို ဇွန် ၂၄

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဇွန် ၂၃ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် မြို့ပေါ်ရပ်ကွက်များတွင် သစ်ပင်များ လဲကျခြင်း၊ သစ်ကိုင်းများ ကျိုးကျခြင်းတို့ကြောင့် လမ်းပိတ်ဆို့ခြင်းနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများဖြစ်ပေါ်ခဲ့သည်။

 

လမ်းပိတ်ဆို့မှုကို ခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ည ၇ နာရီမှစတင်၍ ရှင်းလင်းဆောင်ရွက်ခဲ့ရာ ည ၁၁ နာရီခန့်တွင် ရှင်းလင်းပြီးစီးခဲ့ပြီး ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်သည်။ ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများပူးပေါင်း၍ လေယာဉ်ကွင်းရပ်ကွက်၊ ကောင်ကထောင်ရပ်ကွက်နှင့် မြို့မရပ်ကွက်များတွင် ကျိုးကျသောသစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းဖယ်ရှားခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းများ ဆောင်ရွက်ကြခဲ့ပြီး မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် လူ၊တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် ဓာတ်အားပြတ်တောက်ခဲ့သော ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ်များ လျှပ်စစ်မီးအမြန်ဖြန့်ဖြူးပေးနိုင်ရေးအတွက် မြို့နယ်လျှပ်စစ်ဝန်ထမ်းများက အချိန်ကြန့်ကြာမှုမရှိဘဲ အမြန်ဆုံးဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)