ရှာကွီရီရဲ့ သွင်းဂိုးတွေနဲ့ လီဗာပူးတို့ မန်ယူကို အနိုင်ရရှိခဲ့ပြီး အော်စတင်ရဲ့သွင်းဂိုးကြောင့် ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့တဲ့ အာဆင်နယ်

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီမီယားလိဂ် ပွဲစဉ်(၁၇)တွင် လီဗာပူးတို့ မန်ယူအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အန်ဖီးလ်မှာ အနိုင်ရရှိခဲ့ပြီး အာဆင်နယ် အသင်းကတော့ ဆောက်သမ်တန်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ၂၂ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ စံချိန် ရပ်တန့်သွားခဲ့ရသည်။

လီဗာပူးနှင့် မန်ယူအသင်းတို့ရဲ့ ပြိုင်ပွဲဟာ တနင်္ဂနွေညအတွက် အကောင်းဆုံး ပွဲတစ်ပွဲဖြစ်ခဲ့သည်။ လီဗာပူး အသင်းဟာ အမှတ်ပေးဇယားထိပ်တွင် ဆက်လက် ဦးဆောင်နိုင်ရေးအတွက် တိုက်စစ်ကို အကောင်းဆုံး ပြင်ဆင်လာခဲ့ပြီး မန်ယူ အသင်းဘက်ကို ပွဲစတင်သည်နှင့် တစ်ပြိုင်နက် ဖိအားပေး တိုက်စစ်ဆင်မှုတွေ ပြုလုပ်ထားနိုင်ခဲ့သည်။ မန်ယူနောက်တန်း ကစားသမားတွေဟာ ဆာလာ၊ မာနေ၊ ဖာမီနို တို့ တိုက်စစ်အတွဲကို အကောင်းဆုံးထိန်းချုပ်ဖို့ ကြိုးစားလာခဲ့သော်လည်း ပွဲချိန် ၂၄ ဖာဘင်ဟို ဖြတ်တင်ပေးလိုက်သည့် ဘောလုံးကို မာနေးက အမှားအယွင်းမရှိ အကောင်းဆုံး အသုံးချ သွင်းယူခဲ့တာကြောင့် လီဗာပူးတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။

သို့သော် လီဗာပူး အသင်းရဲ့ ဦးဆောင်ဂိုးဟာ သိပ်ကြာရှည် မခံခဲ့ဘဲ ပွဲချိန် ၃၃ မိနစ်တွင် ချေပဂိုး ပြန်လည်ခွင့်ပြုပေးခဲ့ရသည်။ အဲဒီဂိုးကတော့ လူကာကူ ဖြတ်တင်ပေးလိုက်သည့် ဘောလုံးကို လီဗာပူးဂိုးသမား အမိဖမ်းဖို့ ကြိုးစားခဲ့ရာတွင် လွတ်ထွက်သွားခဲ့တာကြောင့် လင်းဂတ်က အကောင်းဆုံး အဆုံးသတ်ကာ မန်ယူအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့သည်။

ပွဲချိန် ဒုတိယပိုင်းတွင် မိနစ် ၇၀ လောက်အထိ လီဗာပူးတို့ဟာ မန်ယူအသင်းဘက်ကို ဘောလုံးအသာစီးဖြင့် ဖိအားပေး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်ထားခဲ့ပေမယ့် ဦးဆောင်ဂိုးနဲ့ ဝေးကွာနေခဲ့ရသည်။ လီဗာပူးအတွက် နောက်ထပ်ဦးဆောင်ဂိုးကိုတော့ ပွဲချိန် ၇၃ မိနစ်အရောက်တွင် ရရှိခဲ့သည်။ အဲဒီဂိုးကိုတော့ လူစားလဲ ဝင်ရောက်လာခဲ့သည့် ရှာကွီရီက ပွဲချိန် ၇၃ မိနစ်တွင် သွင်းယူနိုင်ခဲ့သလို အနိုင်သေချာစေမည့် နောက်ထပ်ဦးဆောင်ဂိုးကိုလည်း ပွဲချိန် မိနစ် ၈၀ တွင် ၎င်းကပင် ဆက်လက်သွင်းယူပေးခဲ့သည်။

ပွဲပြီးဆုံးချိန်မှာတော့ သုံးဂိုး-တစ်ဂိုးဆိုတဲ့ရလဒ်ဖြင့် လီဗာပူးတို့ မန်ယူအသင်းကို အနိုင်ရရှိကာ ရမှတ် ၄၅ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဦးဆောင်ထားနိုင်ခဲ့သည်။

အာဆင်နယ်နှင့် ဆောက်သမ်တန် ပွဲစဉ်တွင် အပြန်အလှန် သွင်းဂိုးတွေကို တွေ့မြင်ခဲ့ရပြီး သုံးဂိုး-နှစ်ဂိုးဖြင့် ဆောက်သမ်တန်အသင်း အနိုင်ရရှိသွားခဲ့သည်။

ဆောက်သမ်တန် အသင်းအတွက် ဂိုးများကိုတော့ ပွဲချိန် မိနစ် ၂၀ နှင့် ၄၄ မိနစ်တို့တွင် ဒန်နီက သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ အော်စတင်က ပွဲချိန် ၈၅ မိနစ်တွင် သွင်းယူပေးခဲ့သည်။ အာဆင်နယ်အတွက် ဂိုးနှစ်ဂိုးကိုတော့ ပွဲချိန် ၂၈ မိနစ်နှင့် ၅၃ မိနစ်တို့တွင် မီခီတာရန်က သွင်းယူပေးခဲ့သည်။

ယခုပွဲတွင် အာဆင်နယ်အသင်း ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် သူတို့ရဲ့ ၂၂ ပွဲ ဆက်တိုက် ရှုံးပွဲမရှိစံချိန်ဟာ ရပ်တန့်ခဲ့ရသလို ဆောက်သမ်တန်အသင်းကတော့ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ရမှတ် ၁၂ မှတ်ရှိထားခဲ့ပြီး ဘန်လေအသင်းနှင့် ရမှတ်တူညီနေသော်လည်း ဂိုးကွာခြားချက်အရ အမှတ်ပေးဇယား အဆင့်(၁၇)နေရာသို့ ရောက်ရှိလာခဲ့ပြီး တန်းဆင်းဇုန် အတွင်းက လွတ်မြောက်အောင် ရုန်းထွက်သွားနိုင်ခဲ့သည်။ 

 

MDN