ရာသီမရွေးအပန်းဖြေနိုင်သည့် တောင်လှေကားမြို့တော်

နေပြည်တော် ဧပြီ ၂၀

မြန်မာနိုင်ငံတွင်     အကောင်းဆုံးအပန်းဖြေနိုင်သည့်     မြို့တစ်မြို့သည် ပြင်ဦးလွင်မြို့ဖြစ်သည်ဟု  အားလုံးက သိရှိထားကြသည်။  ပြည်တွင်း၊  ပြည်ပ ခရီးသွားများ    အနှစ်သက်ဆုံးမြို့ဖြစ်ပြီး    ပူအိုက်သောနွေရာသီကာလတွင် လာရောက်အပန်းဖြေကြသည်။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနေထိုင်ကြပြီး အေးချမ်းသာယာလှပသောတောင်ပေါ်မြို့လေးဖြစ်သည်။

ပြင်ဦးလွင်ကို တောင်လှေကားမြို့တော်၊ ပန်းမြို့တော်၊ ချယ်ရီမြို့တော် စသည်ဖြင့် တင်စားခေါ်ဝေါ်ကြသည်။ မန္တလေးတိုင်းဒေသကြီး မန္တလေး-လားရှိုးကားလမ်း ပေါ်တွင်တည်ရှိပြီး ဗမာ၊ ရှမ်းတိုင်းရင်းသားများအပြင်  လူမျိုးပေါင်းစုံနေထိုင် ကြသည်။ ကိုလိုနီခေတ်က နွေရာသီအပန်းဖြေမြို့ မေမြို့ဟုခေါ်ဝေါ်ခဲ့ပြီး ကိုလိုနီ ခေတ် ရှေးဟောင်းအဆောက်အအုံ ငါးရာကျော်ရှိသည်။ ဆောင်းရာသီတွင် ရာသီ အလိုက်ပွဲတော်များဖြစ်သည့် မီးပုံးပျံပွဲ၊ ဒီဇင်ဘာပန်းပွဲတော်များဖြင့် အထူး စည်ကားသောမြို့ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် ဧပြီလ ၁၈ ရက်က ပြင်ဦးလွင်မြို့ အမျိုးသားကန်တော် ကြီးဥယျာဉ်သို့ရောက်ရှိစဉ် “ကန်တော်ကြီးသည် ပြင်ဦးလွင်မြို့၏ Land mark ဖြစ်ကြောင်း၊  ဥယျာဉ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို   စဉ်းစားဆောင်ရွက်စေလို ကြောင်း၊ အမျိုးသားဥယျာဉ်ဖြစ်၍ ပန်းခြံသီးသန့်ကိုသာ ထိန်းသိမ်းအဆင့်မြှင့်တင် ခြင်းမဟုတ်ဘဲ ဥယျာဉ်သို့ လာရောက်လည်ပတ်သူများကို အဓိကဆွဲဆောင်ထား သည့်ရေကန်များ သာယာလှပရန်နှင့် ရေကို စနစ်တကျထိန်းသိမ်းထားရှိမှသာလျှင် လာရောက်လည်ပတ်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း”မှာကြားခဲ့သည်။

ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်သည် အစဉ်အဆက်အပန်းဖြေအနားယူစရာ အကောင်းဆုံးနေရာဖြစ်ခဲ့သော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ကန်တော်ကြီး ဥယျာဉ်၏ သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မှုရှိလာခဲ့သည်။ ကန်တော်ကြီးရေ သည် နွေရာသီတွင် ခန်းခြောက်လာတတ်သည်။ ထို့ကြောင့် ကန်တော်ကြီးအတွင်းသို့ ရေဝင်ရောက်ရန်နှင့် ရေကိုထိန်းသိမ်းနိုင်ရေးအတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ညှိနှိုင်းဆောင်ရွက်၍ ဝိုင်းဝန်းဆောင် ရွက်ကြရန်လိုကြောင်း    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ကန်တော်ကြီးအတွင်းသို့ ရေဝင်နည်းကာ ဥယျာဉ်သဘာဝအလှ ပျက်နိုင်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း မိုးရွာသွန်းမှု အားနည်းခဲ့သည်ကိုတွေ့ရပြီး ၂၀၂၁ ခုနှစ်တွင် မိုးရွာရက် များခဲ့သည်။ ယခု ၂၀၂၂ ခုနှစ် မိုးရာသီကာလတွင် မိုးရွာရက်များမည်ဟု ခန့်မှန်း ထားသည်။ ထို့ကြောင့် ရရှိလာမည့်မိုးရေကို ထိန်းသိမ်းပြီး ကန်တော်ကြီးဥယျာဉ် လှပအောင် ဆောင်ရွက် ကြရမည်။ လွန်ခဲ့သောဆယ်စုနှစ်များက ပြင်ဦးလွင်မြို့သည် သစ်ပင်သစ်တောများ အလွန်ပေါများသဖြင့် ထင်းသုံးစွဲမှုများပြားခဲ့သည်။ မီးသွေးဖုတ် ခြင်းကြောင့် သစ်ပင်သစ်တောများ ပြုန်းတီးမှုရှိလာခဲ့သည်။

ထို့ကြောင့် ယခင်တပ်မတော်အစိုးရလက်ထက်ကာလက ပြင်ဦးလွင်ဒေသ စိမ်းလန်းစိုပြည်ရန် ရည်ရွယ်၍ အရိပ်ရကော်ဖီစိုက်ဧကများစွာကို ဆောင်ရွက်ပေး ခဲ့သည်။ ကော်ဖီခြံနှင့်တွဲလျက် အရိပ်ရသစ်ပင်များဖြင့် စိမ်းလန်းစိုပြည်ရန် ရည်ရွယ် ခဲ့သော်လည်း စနစ်တကျစိုက်ပျိုးမှုမရှိသဖြင့် ရာနှုန်းပြည့်အောင်မြင်ခြင်း မရှိခဲ့ပေ။ စိုက်ပျိုးရေးခြံများကို အလုံပိတ်စနစ်ဖြင့် ကာရံခြင်းကြောင့် စိမ့်ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး   ရေဝင်ရောက်မှု  နည်းပါးလာခဲ့သည်။   ထို့ကြောင့် ကန်တော်ကြီးဥယျာဉ်ကို စိုပြည်လှပရန်အတွက် ရေဝင်ရောက်မှုကို အဟန့်အတား ဖြစ်စေသော ဆောင်ရွက်မှုများကို ပြုပြင်လုပ်ကိုင်ကြရမည်ဖြစ်သည်။

ပြင်ဦးလွင်ဒေသ စိမ်းလန်းစိုပြည်ရေးနှင့်ကန်တော်ကြီးဥယျာဉ် ရေဝင်ရောက် မှု၊ ရေထိန်းသိမ်းနိုင်မှုတို့ကို လက်တွေ့စနစ်တကျ မှန်မှန်ကန်ကန်ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ ပြင်ဦးလွင်မြို့ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်ဖြစ်ပေါ်လာရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ပြည်သူများအနေဖြင့်လည်း အသိ တရားဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အပြင် ကန်တော်ကြီး ဥယျာဉ်သို့   ပြည်တွင်း၊ ပြည်ပ အပန်းဖြေအနားယူသူများ ပိုမိုလာရောက်နိုင်အောင် ကြိုးပမ်းကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်သည် မြန်မာနိုင်ငံတွင် အကောင်းဆုံး အပန်းဖြေစခန်းတစ်ခုဖြစ်၍      ပြည်တွင်း၊     ပြည်ပ     ခရီးသွားဧည့်သည်များ စိတ်ရွှင်လန်းချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရန်အတွက် ကန်တော်ကြီးဥယျာဉ် စိမ်းလန်းစိုပြည်ရေး၊ ကန်တော်ကြီးအတွင်း ရေဝင်ရောက်မှုကောင်းမွန်ရေး၊ ဥယျာဉ် အတွင်း   သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းအပ်ပါကြောင်း။        ။

မြန်မာ့အလင်း