ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား

၂၅  အောက်တိုဘာ

မိန်းကလေးတွေရဲ့တစ်သက်တာမှာရှောင်လွှဲမရတာက အရွယ်ရောက်တာနဲ့ကြုံလာရတဲ့ ဓမ္မတာ သွေးဆင်းခြင်းဖြစ်ပါတယ်။ သွေးဆုံးချိန်အထိ လစဉ်ကြုံတွေ့နေရမယ့်ကိစ္စဖြစ်သလို အမျိုးသမီးကျန်းမာရေးမှာအရေးပါပါတယ်။ ရာသီလာခြင်းက အမျိုးသမီးတွေနဲ့ခွဲခြားမရတဲ့ သဘာဝတစ်ခုမို့ လစဉ်သုံးပစ္စည်းတွေနဲ့ မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် လစဉ်သုံးပစ္စည်းတောင် သုံးဖို့မလိုလောက်အောင် ရာသီသွေးဆင်းနည်းလွန်းတဲ့၊ ရာသီလာရက်တိုလွန်းတဲ့ အမျိုးသမီးတွေလည်း ရှိနေပါသေးတယ်။

တချို့ဆို တစ်ရက်၊ တစ်ညပဲ ရာသီလာတာ ဒါမှမဟုတ် နည်းလွန်းလို့ မသိသာတာကြောင့် လစဉ်သုံးတောင် မလိုဘဲနေ့စဉ်သုံးအပါးစားလေးတွေနဲ့တင် အဆင်ပြေပါတယ်။

ဒီလောက် နည်းတာ၊ ရက်တိုနေတာ ပုံမှန်ဟုတ်ပါ့မလား

ပုံမှန်လာနေကျက ဒီလောက်ပဲဆိုရင်တော့ အိုကေပါတယ်တဲ့။ ရာသီလာတိုင်း ဒီလောက်က ဒီလောက်ပဲ၊ တစ်လတစ်ကြိမ်လာနေသရွေ့တော့ဟော်မုန်းထိန်းညှိမှုက ပုံမှန်လည်ပတ်နေပြီး မျိုးပွားစနစ်ကလည်း ကျန်းမာနေတယ်လို့ ယူဆနိုင်ပါတယ်။ ဆိုလိုတာက ပုံမှန်သွေးဆင်းများနေကျလူက ရုတ်တရက် နည်းသွားတာမျိုး၊ နည်းရာကနေ နောက်တစ်လမှာ အများကြီးသွေးဆင်းတာမျိုး၊ များလိုက်နည်းလိုက် မူမမှန်သွေးဆင်းတာတွေမဟုတ်ရင် အရမ်းမစိုးရိမ်ပါနဲ့။

ဒါဆို ဘာကြောင့် နည်းရတာလဲ

အများအားဖြင့်တော့ တစ်ရက်ကနေ နှစ်ရက်အထိပဲ ရာသီသွေးဆင်းတာက အက်စထရိုဂျင်ဟော်မုန်းနည်းပါးမှု ဒါမှမဟုတ် သံဓါတ်အားနည်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ သားအိမ်နံရံမြှေးဖြစ်တည်ဖို့ အက်စထရိုဂျင်မလုံလောက်တဲ့အခါ ရာသီသွေးနည်းတာ၊ အရောင်ဖျော့တာ၊ ရက်တိုလွန်းတာတွေဖြစ်လာတတ်ပါတယ်။

အက်စထရိုဂျင်နည်းစေနိုင်တဲ့ဖြစ်နိုင်ခြေအကြောင်းရင်းတွေ အများကြီးရှိပါတယ် –

ဟော်မုန်းပါတဲ့သန္ဓေတားဆေးတွေအသုံးပြုခြင်း (အထူးသဖြင့် သောက်ဆေး)
စိတ်ဖိစီးမှုများခြင်းကြောင့် cortisolဟော်မုန်းထွက်ရှိခြင်း
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းလွန်ကဲပြီး အစားလျှော့လွန်းခြင်း (အစာအာဟာရလုံလောက်မှုမရှိခြင်း)
ရာသီစက်ဝန်းအတွင်း မျိုးဥမကြွခြေင်း
သံဓါတ်အားနည်းခြင်း
ဗီတာမင်နဲ့သတ္တုဓါတ် ချို့တဲ့ခြင်း
သိုင်းရွိုက်ပြဿနာ (ရာသီသွေးဆင်းနည်းစေနိုင်တယ်)
ပုံမှန်အခြေအနေဆိုတာ

မိန်းကလေးတစ်ယောက်နဲ့ တစ်ယောက် ရာသီလာတဲ့ပမာဏနဲ့ရက်အပိုင်းအခြားချင်းမတူကြပါဘူး။ ဓမ္မတာသွေးဆင်းခြင်းဟာ ၂၁ရက် ကနေ ၃၅ ရက်ခြားတစ်ကြိမ်ဖြစ်ပေါ်တတ်ပြီး တစ်ကြိမ်ကို ၂ ရက်မှ ၇ ရက်အတွင်း ကြာမြင့်တတ်ပါတယ်။ပျိုဖော်ဝင်ကာစ နှစ်တွေမှာ ရာသီလာတဲ့ရက်က ရှည်ကြာတတ်ပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ ရက်တိုလာပြီး ပုံမှန်ဖြစ်သွားလေ့ရှိပါတယ်။

ရာသီစက်ဝန်းဟာ ရက်အနည်းအများ၊သွေးဆင်းတဲ့ပမာဏအနည်းအများနဲ့ လာချိန်တွေဟာ တစ်လနဲ့တစ်လ ပုံမှန်ရှိကြပါတယ်။ တချို့မှာ ရာသီသွေးဆင်းနည်းတယ်၊များတယ်၊ ကိုက်ခဲမှုခံစားရသူ၊မခံစားရသူ၊ ရက်ရှည်သူ၊ ရက်တိုသူတွေရှိတတ်ပေမယ့် တခြားလက္ခဏာတွေ မဖြစ်ခဲ့ရင် ပုံမှန်အခြေအနေအဖြစ် ယူဆလို့ရနိုင်ပါသေးတယ်။

နောက်တစ်ချက်က သန္ဓေတားဆေး သို့မဟုတ် သားအိမ်ထဲထည့်ပစ္စည်း(IUDs) တွေလို သားဆက်ခြားနည်းလမ်းတစ်ခုခုအသုံးပြုခြင်းကြောင့်လည်း ရာသီသွေးဆင်းမှုကို ပြောင်းလဲစေနိုင်ပါတယ်။

ဆရာဝန်ပြဖို့လိုတဲ့ လက္ခဏာတွေက ဘာတွေလဲ

အသက် ၁၆ နှစ်ကျော်တာတောင် ရာသီစမပေါ်သေးရင် ကိုယ်ဝန်ရှိနေတာမဟုတ်ဘဲ ရာသီထိန်တာ ၃ လကျော်လာရင် ရာသီသွေးဆင်းတာ ၇ ရက်ကျော်လာရင် လစဉ်သုံးပစ္စည်းကို တစ်နာရီတစ်ကြိမ်မက လဲရတဲ့အထိ အများကြီးဆင်းနေရင် ရာသီလာစဉ် ကိုက်ခဲမှုက အရမ်းပြင်းထန်နေရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံပြုချက်ရယူပါ။

အရေးကြီးတာက ကိုယ့်ရဲ့ရာသီစက်ဝန်းကို ပုံမှန်ဖြစ်မဖြစ် အမြဲသတိထားဆန်းစစ်ဖို့ပါ။ ဒါမှ ရုတ်တရက်ပြောင်းလဲမှုနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်က အကြောင်းရင်းခံတွေကို သိနိုင်ပြီး ဆင်ခြင်နေထိုင် နိုင်မှာဖြစ်ပါတယ်။ လိုအပ်လာရင် ဆရာဝန်ပြဖို့ မနှောင့်နှေးပါနဲ့။

ရေးသားသူ- Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Kaung Thar

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”