ရာသီတုပ်ကွေးရောဂါ A(H1N1)pdm 09 ကြောင့် ရန်ကုန်တိုင်းအတွင်း သေဆုံးလူနာ (၅၂)ဦး၊ နိုင်ငံတစ်ဝှမ်းသေဆုံးလူနာ (၆၇)ဦးထိရှိလာ

ရန်ကုန်  ၂၃ ဇူလိုင်

 


နိုင်ငံတစ်ဝှမ်း ရာသီတုပ်ကွေးရောဂါ A(H1N1)pdm 09 ဖြစ်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁၇ ရက်အထိ သေဆုံးလူနာ (၄၆)ဦးရှိခဲ့ရာမှ ဇူလိုင် ၂၁ ရက်ထိ သေဆုံးလူနာ နောက်ထပ် (၆)ဦးတိုးလာခြင်းကြောင့် ရန်ကုန်တိုင်းအတွင်း သေဆုံးလူနာ (၅၂)ဦးထိ ရှိလာပြီဖြစ်ကြောင်းနှင့်  နိုင်ငံတစ်ဝှမ်း သေဆုံးလူနာသည် ဇူလိုင် ၂၁ ရက်အထိ (၆၇)ဦးရှိခဲ့ပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၏ ဓာတ်ခွဲအတည်ပြု ပြောကြားချက်အရ သိရသည်။

 


“ယခုရာသီတုပ်ကွေးရောဂါ  A(H1N1)pdm 09 ကြောင့် သေဆုံးမှုများသည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၏ ဓာတ်ခွဲအတည်ပြု စာရင်းများအရ နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေပြီး ရောဂါပိုးတွေ့ရှိသူဦးရေနှင့် သံသယကြောင့် စစ်ဆေးခံရသူဦးရေသည်လည်း တိုးတက်များပြားနေပါတယ်။ အခုအခါမှာ သေဆုံးတဲ့သူတွေလည်း ရှိနေတယ်။ အသက်အရွယ်ကြီးရင့်သူတွေ၊ အသက်ငယ်လွန်းတဲ့သူတွေ၊ ဆီးချိုရောဂါ၊ သွေးတိုး၊ နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါနဲ့ မွေးရာပါ ရောဂါအခံရှိသူတွေများတယ်။ ကနဦး ရိုးရိုးတုပ်ကွေးရောဂါဖြစ်ပွားရာမှ ကိုယ်ခံအားနည်းနေမှုကြောင့် A(H1N1)pdm 09 အဖြစ်ပြောင်းလဲကာ ဖြစ်ပွားနေခြင်းဖြစ်တာကြောင့် ကိုယ်ခံအားကောင်းအောင် နေထိုင်ကြပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဦးစားပေးလုပ်ဆောင်ကြပါ၊ အိပ်ရေးဝ၀ အိပ်ကြပါလို့ပဲ ပြောလိုပါတယ်။ ကိုယ်ခံအားနည်းတော့ ရောဂါဝင်တာပေါ့။ အဓိကကတော့ ကိုကိုယ်တိုင်ကစပြီး ကာကွယ်ဖို့လိုပါတယ်။ ဒါဆို ပတ်ဝန်းကျင်ကို မပြန့်ပွားတော့ဘူးပေါ့"ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ(နေပြည်တော်) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ခင်ကြီးက ရန်ကုန်ဆရာဝန်များအသင်းတွင် တွေ့ဆုံစဉ် ပြောကြားသွားခြင်းဖြစ်သည်။

 


ယင်းကြောင့် သန့်ရှင်းမှုအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အပြင်မှပြန်ရောက်၍သော်လည်းကောင်း မကြာခဏဆိုသလို လက်ကို ဆပ်ပြာဖြင့်ဆေးကြောသန့်စင်ခြင်း၊ အစားအသောက်မှန်မှန်စားသုံးခြင်း၊ အိပ်ရေးဝ၀အိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ချွေးပြန်စေသော လှုပ်ရှားမှုများ နေ့စဉ်အချိန်ပိုင်းတစ်ခုအနေဖြင့် ဆောင်ရွက်ခြင်း၊ ခြင်ကိုက်မခံခြင်းနှင့် ရောဂါကူးစက်မှု၊ ပြန့်ပွားမှုမရှိစေရန် လူကြားတွင် တုပ်ကွေးဖြစ်နေလျှင် Mark (နှာခေါင်းစည်း) များတပ်ကာ သွားလာခြင်းတို့ဖြင့် ဆောင်ရွက်သင့်ကြောင်းနှင့် ဂရုပြုလိုက်နာရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  လမ်းညွှန်မှာကြားထားကြောင်း သိရှိရသည်။

 

ယခုအခါတွင် နိုင်ငံတစ်ဝှမ်း ရာသီတုပ်ကွေးရောဂါ  A(H1N1) pdm 09 သံသယဖြင့် ဓာတ်ခွဲစစ်ဆေးသူ (၈၂၇) ဦးထိရှိလာပြီး ပိုးတွေ့လူနာသည် (၃၄၁) ဦးရှိ၍ ယခင်ထက် တိုးလာနေကြောင်း သိရသည်။ ယင်းတွင် ရာသီတုပ်ကွေးရောဂါ  A(H1N1)pdm 09 ဖြစ်ပွားနှုန်းသည် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၂၁ ရက်အထိ  အသက် ၁၅ နှစ်မှ ၆၅ နှစ်အကြား ၄၉ ရာခိုင်နှုန်း၊ အသက် ၁ နှစ်မှ ၅ နှစ်အောက်သည် ၁၇ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ်အထက်တွင် ၁၄ ရာခိုင်နှုန်း၊ အသက် ၅ နှစ်မှ ၁၅ နှစ်အောက်တွင် ၁၄ ရာခိုင်နှုန်း၊ အသက် ၁ နှစ်အောက်တွင် ၆ ရာခိုင်နှုန်းဖြစ်ပွားနေကြောင်း ယင်းနေ့  ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးဆက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၏ ဓာတ်ခွဲအတည်ပြုချက်အရ သိရသည်။

 


သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)