ရာသီဥတုအရေးမှာ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးကပေးတဲ့ မက်ဆေ့ချ်

ကလျာမိုးမြင့်

ယခုနှစ်အတွင်း ရာသီဥတုပြောင်းလဲမှုအရေးမှာ အရွယ်နဲ့မမျှအောင် တက်ကြွစွာပါဝင်လှုပ်ရှားသူ ဆယ်ကျော်သက်မိန်းကလေးငယ်တစ်ဦးအဖြစ် ရေပန်းစားလျက်ရှိတဲ့ ဂရီတာသန်ဘတ်နဲ့ ပတ်သက်ပြီး စိတ်ဝင်တစားနဲ့ သတိထား နားစွင့်လာမိပါတယ်။ ရာသီဥတုအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို ရဲရဲဝံ့ဝံ့မေးခွန်းထုတ်ခဲ့ရာက နိုင်ငံတကာရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတဲ့ ဂရီတာဟာ အခုလည်း လူအများ အံ့အားသင့်စေတဲ့ အရာတစ်ခုကို ထပ်ပြီးလုပ်ဆောင်လိုက်ပြန်ပါပြီ။

ဘာဆုလာဘ်မှမလို

ရာသီဥတုအရေးမှာ ၎င်းရဲ့ လှုပ်ရှားပါဝင် မှုအတွက် နော်ဒစ်ကောင်စီက ချီးမြှင့်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဆုတံဆိပ်နဲ့ ငွေကြေးကို လုံးဝလက်မခံဘဲ ပြတ်ပြတ်သားသားငြင်းဆန် လိုက်ခြင်းက လူတွေကို ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေခဲ့တာပါ။

ရာသီဥတုအရေးအတွက် လှုပ်ရှားမှုမှာ ဘာဆုလာဘ်မှ မလိုအပ်ဘူးဆိုပြီးတော့ ၎င်း က ဆုလက်ခံဖို့ ငြင်းဆန်လိုက်တာ ဖြစ်ပါ တယ်။ ဒီလို ဆုထူးဆုမြတ်တစ်ခုကို ကမ်းလှမ်း လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ နော်ဒစ်ကောင်စီကို ကျေးဇူးအထူးပင်တင်ရှိ ပါကြောင်း ပြောဆိုခဲ့ပြီး နော်ဒစ်ကောင်စီက လည်း ဂရီတာရဲ့ ဆုံးဖြတ်ချက်ကို လေးစား ကြောင်း ဆိုထားပါတယ်။

နားစွင့်ဖို့လို

ဒါပေမယ့် အခုလိုမျိုး ဆုလာဘ်တွေ ချီးမြှင့်တာထက် ပိုထိရောက်စေမယ့်အရာက နိုင်ငံရေးသမားတွေနဲ့ ဩဇာအာဏာရှိတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ လတ်တလော ဖြစ်နေတဲ့ သိပ္ပံဆိုင်ရာ အခြေအနေတွေကို နားစွင့်ဖို့ လိုအပ်တယ်လို့ ၎င်းက ပြောပါတယ်။ ဆယ်ကျော်သက်တစ်ဦးဖြစ်တဲ့ ဂရီတာ သန်ဘတ်ဟာ ယခုနှစ်အတွက် နိုဘယ်ဆု ချီးမြှင့်ခံရနိုင် သူတစ်ဦးအဖြစ် လူပြောသူပြော များခဲ့ပေမယ့် အဲဒီဆုကို အီသီယိုးပီးယား နိုင်ငံက အဘီအာမက် ဆွတ်ခူးရရှိသွားပါ တယ်။

အင်စတာဂရမ်မှာ ဖော်ပြထားတဲ့ ပို့စ် တစ်ခုမှာ ဂရီတာက ဆုချီးမြှင့်ငွေ ခရိုနာ ၅၀ဝဝဝဝ (ယူရိုငွေ ၄၀ဝဝဝ) ကို လက်မခံဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး ရှင်းပြ ထားပါတယ်။ ရာသီဥတုနဲ့ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ အကြောင်းအရာကိစ္စတွေ ကိုင် တွယ်ဖြေရှင်းလာရချိန်ကစပြီး Nordic Countries လို့ခေါ်တဲ့ နော်ဒစ်အဖွဲ့ဝင် နိုင်ငံတွေဟာ ကမ္ဘာတစ်ဝန်းမှာ နာမည်ဂုဏ် သတင်း ကြီးမားခဲ့တယ်။ ဒါပေမယ့် နော်ဒစ် နိုင်ငံတွေမှာ စွမ်းအင်သုံးစွဲမှုအခြေအနေတွေ ကတော့ဖြင့် နောက်ထပ် တခြားဇာတ်လမ်း တစ်ခုကို ပြောပြနေသလိုပဲလို့ ၎င်းက ဆိုပါ တယ်။

ကွာဟချက်

သိပ္ပံပညာက ဖော်ပြနေတာနဲ့ လက်ရှိဖြစ် နေတာတွေရဲ့ကြား ကွာဟချက်က ကမ္ဘာကြီး မှာ ဖြစ်ပေါ်နေတဲ့ အပူချိန်မြင့်တက်လာမှုကို ကန့်သတ်ထိန်းချုပ်ဖို့ ဖော်ပြနေတယ်။ ပြီးတော့ အကောင်အထည်ဖော်ဆောင်နေတဲ့ အရာက လည်း အလွန်ကြီးမားတယ်။ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အကောင်းဆုံး ကြိုးစားရမယ့် နိုင်ငံတွေထဲမှာ ကျွန်မတို့ ပါဝင်နေပေမယ်လို့ ကျွန်မတို့နိုင်ငံတွေဟာ ခုချိန်ထိ အခြေခံလုပ်ငန်းစဉ်တွေတောင် ဘာဆို ဘာမှ မလုပ်ရသေးဘူးလို့ ဂရီတာက ပြောခဲ့တာ ဖြစ်ပါတယ်။

နော်ဒစ်ကောင်စီ ဥက္ကဋ္ဌ ဟန်စ်ဝေါလ်မာ့ခါ က ၎င်းတို့အဖွဲ့အစည်းအနေနဲ့ ဂရီတာရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြု လေးစား ကြောင်း ဖော်ပြခဲ့ပြီး ဂရီတာရဲ့ လှုပ်ရှားမှုကို လူတိုင်းကောင်းဖို့အတွက် လုပ်ဆောင်တဲ့ လှုပ်ရှားမှုတစ်ရပ်အဖြစ် ချီးမွမ်းလိုက်ပါတယ်။

ပူတင်ဝေဖန်

အသက် ၁၆ နှစ်သာရှိသေးတဲ့ ရာသီဥတု ဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဂရီတာဟာ ပြီးခဲ့ တဲ့ စက်တင်ဘာလတုန်းက နယူးယောက်မြို့မှာ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂမှာ ပြောခဲ့တဲ့မိန့်ခွန်းအတွင်း ကမ္ဘာ့ ခေါင်းဆောင်တွေကို မေးခွန်းထုတ်ခဲ့ပါတယ်။ ဂရီတာရဲ့မိန့်ခွန်းပြောကြားမှုကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ခေတ်သစ်ကမ္ဘာကြီးဟာ ရှုပ်ထွေးနက်နဲတယ်ဆိုတာကို ဘယ်သူကမှ ဂရီတာကို ရှင်းမပြခဲ့ကြဘူးလို့ မော်စကိုမှာ ပြုလုပ်တဲ့ စွမ်းအင်ကွန်ဖရင့်မှာ ပြောကြားခဲ့ တာပါ။

ဘာပဲဖြစ်ဖြစ် ကိုယ်ယုံကြည်ရာကို စွဲမြဲ ခိုင်မာစွာရပ်တည်တတ်တဲ့ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဆယ်ကျော် သက်လေး ဂရီတာကတော့ တန်ဖိုးရှိလှတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုနဲ့ဆုကြေးငွေ ကို မက်မောခြင်းကင်းစွာ ငြင်းပယ်လိုက်ပါပြီ။ အကြောင်းကတော့ ၎င်းအနေနဲ့ ဆုတွေလာဘ် တွေ ချီးမြှင့်နေခြင်းထက် ကမ္ဘာ့ခေါင်းဆောင် တွေအနေနဲ့ ထိရောက်စွာဆောင်ရွက်စေချင် လို့ပဲဖြစ်တယ်လို့ သိရပါတယ်။

အမည်စာရင်းတင်သွင်း

ဒါ့အပြင် ဂရီတာက ၎င်းရဲ့ အင်စတာဂရမ် ပို့စ်မှာ နော်ဒစ်အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဆွီဒင်၊ ဒိန်းမတ်၊ အိုက်စ်လန်၊ နော်ဝေနဲ့ ဖင်လန် နိုင်ငံတွေအနေနဲ့ ရာသီဥတုအရေးကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့အလယ်မှာ နာမည်ဂုဏ် သတင်းကျော်ကြားနေမှုတွေအပေါ် ဆက်ပြီး ကြွားဝါခုံမင်မနေကြဖို့ နိုင်ငံရေးသမားတွေနဲ့ အာဏာလက်ဝယ်ရှိသူတွေကို တိုက်တွန်းထား ပါတယ်။

ဂရီတာကို ဆွီဒင်နဲ့ နော်ဝေနိုင်ငံတွေက ကမ္ဘာ့သမိုင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီ ဥတုဆိုင်ရာ အရေးကြီးတဲ့အချိန်ကာလအတော အတွင်း Fridays For Future လှုပ်ရှားမှုကနေ တစ်ဆင့် ရာသီဥတုအရေးနဲ့ ပတ်သက်ပြီး ထိရောက်စွာဆောင်ရွက်ပေးဖို့ ကမ္ဘာတစ်ဝန်း မှာရှိကြတဲ့ လူသန်းပေါင်းများစွာက တောင်း ဆိုလာအောင် လှုံ့ဆော်ပေးခဲ့တဲ့အတွက် ဆုချီးမြှင့်ဖို့ အမည်စာရင်းတင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ Fridays For Future လှုပ်ရှားမှု ကို ၂၀၁၈ ခုနှစ် ဩဂုတ်လမှာ ဂရီတာက စတင် ခဲ့တာပါ။

ဆုလက်ခံဖို့ ငြင်းဆန်ခဲ့ကြသူများ

ဂရီတာသန်ဘတ်လိုပဲ ကမ္ဘာ့နိုင်ငံတွေမှာ ဆုချီးမြှင့်မှုကို လက်မခံငြင်းဆန်ခဲ့ကြတဲ့ တခြား ပုဂ္ဂိုလ်တွေ ရှိခဲ့ဖူးပါတယ်။ ၁၉၆၄ ခုနှစ်မှာ ယန်းပေါဆတ်ဟာ စာပေဆိုင်ရာ နိုဘယ်ဆု လက်ခံဖို့ ငြင်းဆန်ခဲ့ဖူးပါတယ်။ ဆတ်က ၎င်းအနေနဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့ ပုံစံခွက်ထဲ သွတ်သွင်းခြင်းကို မခံလိုတဲ့အတွက် တရားဝင် ဂုဏ်ပြုချီးမြှင့်မှုတွေကို အမြဲငြင်းဆန်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒေးဗစ်ဘိုဝီ

နောက်တစ်ဦးကတော့ ဂီတပညာရှင် ဒေးဗစ်ဘိုဝီပါ။ ၎င်းဟာ ၂၀ဝဝ ပြည့်နှစ်က ဗြိတိန်မှာပေးအပ်တဲ့ CBE ဆုနဲ့ ၂၀ဝ၃ ခုနှစ်မှာ ချီးမြှင့်တဲ့ Knighthood ဆုကို လက်ခံယူဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဘာအတွက်ကြောင့် ပေးမှန်း အမှန်တကယ်သဘောမပေါက်တဲ့ ဘယ်လိုအရာမျိုးကိုမှ လက်ခံလိုစိတ်မရှိဘူး လို့ ဆုလက်မခံခဲ့တာနဲ့ ပတ်သက်ပြီး ဖြေကြား ခဲ့တာကို တွေ့ရပါတယ်။

လီဒတ်သို

ဗီယက်နမ်နိုင်ငံသား နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ လီဒတ်သိုဟာ ဗီယက်နမ်မှာ စစ်မက်ဖြစ်ပွားမှုကို ညှိနှိုင်းဆောင်ရွက်ခဲ့မှု အတွက် ၁၉၇၃ ခုနှစ်မှာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟင်နရီကစ်ဆင်ဂျာနဲ့အတူ နိုဘယ် ဆုလက်ခံဖို့ အတူတကွ ကမ်းလှမ်းခံခဲ့ရပါ တယ်။ ဒါပေမယ့် ဗီယက်နမ်နဲ့ အမေရိကန် အကြား စစ်ပွဲဆက်ဖြစ်နေတုန်းပဲဆိုပြီး သိုက ဆုလက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပြီးတော့ ၎င်းက ကစ်ဆင်ဂျာကို အပစ်အခတ်ရပ်စဲရေး ချိုးဖောက်သူအဖြစ် စွပ်စွဲခဲ့ပါတယ်။

နောက်ထပ် ဆုလက်ခံဖို့ ငြင်းပယ်ခဲ့သူက တော့ စာရေးဆရာတစ်ဦးဖြစ်တဲ့ ဗာဂျီးနီးယား ဝုဖ်ပါ။ ၁၉၃၅ ခုနှစ်မှာ Companion of Honour ဆုကို လက်ခံဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့မှာဆိုရင်လည်း ဂရီတာသန်ဘတ်ဟာ နော်ဒစ်ကောင်စီက ချီးမြှင့်တဲ့ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာဆုကို ငြင်းဆန်လိုက်ပြီဖြစ်ပြီး အဖွဲ့အစည်းတွေကပေးတဲ့ ဆုကြီးတွေကို ငြင်းဆန်တဲ့ ရှားပါးလူတစ်စုထဲမှာ ပါဝင်လာတဲ့ ဆယ်ကျော်သက်တစ်ဦးအဖြစ် ၎င်းကို စိတ်ဝင် တစား လေ့လာမိခဲ့ပါတယ်။   ။

ကိုးကား- ဘီဘီစီ