ရှစ်လ သို့မဟုတ် ကိုးလအတွင်း အင်ဒိုနီးရှားပြည်သူ ၇၅ သန်းကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးမည်

ဂျကာတာ    ဒီဇင်ဘာ ၁၄

လာမည့်ရှစ်လ သို့မဟုတ် ကိုးလအတွင်း ပြည်သူ ၇၅ သန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေး ရန် အင်ဒိုနီးရှား နိုင်ငံပိုင်လုပ်ငန်းများဝန်ကြီးဌာနက ရည်မှန်းကြောင်း အဆိုပါဝန်ကြီးဌာနဝန်ကြီးနှင့် ကိုဗစ်-၁၉ ရောဂါ ကိုင်တွယ်ဖြေရှင်းရေးနှင့် စီးပွားရေးပြန်လည်ထူထောင်ရေး အမှုဆောင်ကော်မတီ အကြီးအကဲ အဲရစ်သို ဟာက ပြောကြားလိုက်သည်။

ကျန်းမာရေးဝန်ထမ်းများက ဗိုင်းရပ်စ်ကာကွယ်ဆေး ပထမဆုံး ထိုးပေးမည့်အုပ်စု ဖြစ်လာမည်ဟု ကျန်း မာရေးဝန်ကြီးဌာနက ပြောသည်။ ထို့နောက် ပြည်သူ ၃၂ သန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးမည် ဖြစ်သည်။

ဗိုင်းရပ်စ်ကာကွယ်ဆေးကို ငွေကြေးအကုန်အကျခံ၍ ထိုးနှံလိုသူများအတွက် ကာကွယ်ဆေးထိုးနှံရေး အ စီအစဉ် အကောင်အထည်ဖော်ဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများနှင့် ပူး ပေါင်းဆောင်ရွက်မှု ပြုလုပ်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၁ ဒသမ ၈ သန်းနှင့် Bio Farma ကုမ္ပဏီက ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၁၅ သန်း ထုတ်လုပ်ရန် ကုန်ကြမ်းများတင်ပို့မှုကို အင်ဒိုနီး ရှားနိုင်ငံက စောင့်ဆိုင်းရမည်ဟု ဝန်ကြီး အဲရစ်သိုဟာက ပြောသည်။

 အင်ဒိုနီးရှားအစိုးရက ယခုနှစ်အတွင်း တရုတ်နိုင်ငံမှ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ဝယ်ယူရန် အမေရိကန် ဒေါ်လာ ၄၅ သန်းနီးပါး သုံးစွဲခဲ့သည်။

 ပထမအဆင့်အနေဖြင့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၁ ဒသမ ၂ သန်း အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး လာမည့်နှစ်အစောပိုင်းတွင် အသုံးပြုမည်ဖြစ်သည်။

 ဒုတိယအသုတ် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၁ ဒသမ ၈ သန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ပေးပို့မည်ဟု မျှော်မှန်းရသည်။

ကိုးကား--VNA