ရှစ်လကြာရပ်နားထားပြီးနောက် အယ်လ်ဂျီးရီးယား ပြည်တွင်းလေကြောင်းခရီးစဉ်များပြန်လည်စတင်

၇ ဒီဇင်ဘာ

 

အယ်လ်ဂျီးရီးယားလေကြောင်းလိုင်းများ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများကြောင့် ရှစ်လကြာ ပိတ်ထားခဲ့ရာ တနင်္ဂနွေနေ့တွင် ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြန်လည်စတင်ခဲ့ကြောင်း အေပီအက်စ်သတင်းအေဂျင်စီ က သတင်းဖော်ပြခဲ့သည်။

 

အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ် ၂၃ စင်းသည် အယ်လ်ဂျီးရီးယားလေဆိပ်မှ ပြည်တွင်းရှိလေဆိပ်များသို့ ယမန်နေ့က ပျံသန်းခဲ့သည်ဟု အေပီအက်စ်သတင်းဖော်ပြချက်အရ သိရသည်။

 

 

ပြည်တွင်းလေကြောင်းလိုင်းများ စတင်ပျံသန်းမှုအတွက် အမျိုးသားလုံခြုံရေးညွှန်ကြားရေးမှူးရုံးက လုံခြုံရေးနှင့် ကြိုတင်ကာကွယ်မှုဆိုင်ရာ အစီအမံများ ပြုလုပ်ထားကြောင်း ၎င်းကထပ်လောင်းဖော်ပြထားသည်။

 

 

လေဆိပ်အားလုံးတွင် အယ်လ်ဂျီးရီးယားနယ်စပ်လေကြောင်းဆိုင်ရာရဲတပ်ဖွဲ့ကို တပ်ဖြန့်ချထားပြီး ထိုရဲတပ်ဖွဲ့သည် လေဆိပ်များတွင်  အာဏာပိုင်များက အတည်ပြုထားသော ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လုံးဝလိုက်နာကျင့်သုံးစေမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

အယ်လ်ဂျီးရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာ ကုန်သွယ်လေကြောင်းလိုင်းများ ပျံသန်းမှုကို အကြောင်းကြားစာ ထပ်မံရသည့်အချိန်အထိ ရပ်ဆိုင်းထားမည်ဟု စနေနေ့က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

 

 

အယ်လ်ဂျီးရီးယားအစိုးရက ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် မတ်လ ၁၇ ရက်နေ့မှစတင်ကာ ပြည်တွင်းနှင့်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်လေကြောင်းလိုင်းများကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို