ရှစ်ရက်တာအတွင်း တတိယအကြိမ်မြောက်ဒုံးကျည် မြောက်ကိုရီးယား ပစ်လွှတ်

ဆိုးလ် ၂  သြဂုတ်

ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံသည် တာတိုပစ်ဒုံးကျည်နှစ်စင်းကို နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းတွင် ယနေ့ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံသည်အဆိုပါ ဒုံးကျည်နှစ်စင်းကို နိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းဒေသမှ အရှေ့ဘက် ရေပြင်ထဲသို့ ဒေသ စံတော်ချိန် နံနက် ၂ နာရီ ၅၉ မိနစ်နှင့် နံနက် ၃ နာရီ ၂၃ မိနစ်တွင် အသီးသီးပစ်ခတ်ခဲ့ပြီး မြေပြင်မှ အမြင့် ၂၅ ကီလိုမီတာဖြင့် ကီလိုမီတာ ၂၂၀ ခန့် ဝေးကွာသည့် အရှေ့ဘက်ပင်လယ်ထဲသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံသည် ဇူလိုင် ၃၁ ရက်က တာတိုပစ်ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ပြီးနောက် ယနေ့တွင် နောက်ထပ် တစ်ကြိမ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၃၁ ရက်က ပစ်လွှတ်သည့် ဒုံးကျည်များသည် နိုင်ငံ၏ အရှေ့ဘက် ဝန်ဆန်မြို့မှ ပစ်ခတ်ခဲ့ပြီး မြေပြင်မှ အမြင့် ကီလိုမီတာ ၃၀ ခန့်ဖြင့် ကီလိုမီတာ ၂၅၀ ခန့် ဝေးကွာသည့် အရှေ့ဘက်ရေပြင်ထဲသို့ ရောက်ရှိခဲ့သည်။  ထို့အတူ မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က ဝန်ဆန်ဒေသမှ ၎င်း၏ တာတိုပစ်ဒုံးကျည်နှစ်စင်း ကို ထပ်မံပစ်ခတ်ခဲ့သည်။

ရှစ်ရက်တာအတွင်း မြောက်ကိုရီးယား၏ တတိယအကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်မှုနှင့် စပ်လျဉ်း၍ နိုင်ငံတကာ အသိုက်အဝန်းက ကိုရီးယားကျွန်းဆွယ်အပေါ် တင်းမာမှုအရှိန် လျော့နည်းရေးအတွက် တစ်ဆက်တည်း တိုက်တွန်းလိုက်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုဖြစ်ပေါ်လာပါက မြောက်ကိုရီးယားအစိုးရသည် အမေရိကန်နှင့် ဆွေးနွေးမှုကို အဆုံးသတ်ကောင်းသတ်နိုင်သည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်တွင် သတိပေး လိုက်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးတစ်ရပ်အပြီး ပြုလုပ်သော ထုတ်ပြန်ချက်တစ်ရပ်တွင် ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီနိုင်ငံတို့က မကြာသေးမီမြောက်ကိုရီးယား၏ ဒုံးကျည်များ ပစ်လွှတ်မှုနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း သြဂုတ် ၁ ရက်တွင် ဖော်ပြခဲ့ကြသည်။

ကိုးကား-ဆင်ဟွာဘာသာပြန် - ဂျေတ