ရောဂါကူးစက်မှုကင်းဝေးရေး စည်းကမ်းဥပဒေများလိုက်နာ

ဧပြီ ၁၈၊ ၂၀၂၂

ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (ကိုဗစ်-၁၉)  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍  ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ချက်အရ ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ်များမှအပ မတ်လ ၁၆ ရက်နေ့မှစ၍ လူဦးရေ ၄၀၀ အထိ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။ 

ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများအပေါ် သုံးသပ်ချက်များ အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့ သိသာစွာကျဆင်းလာသဖြင့် အဆိုပါလူစုဝေးခြင်းနှင့်ပတ်သက်၍ ကန့်သတ်ချက်အား ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်)နေ့မှစတင်၍ ပယ်ဖျက်လိုက်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း နေ့စဉ်သိသာစွာ လျော့နည်းကျဆင်းလာသဖြင့်   ကန့်သတ်ချက်များအား   ဖြေလျှော့ပေးမှုသည် ပြည်သူများအတွက် ဝမ်းမြောက်စရာဖြစ်သည်။

အထူးသဖြင့် အများပြည်သူနှင့်သက်ဆိုင်သော ပွဲလမ်းသဘင်၊ အခမ်းအနား၊ စုဝေးခြင်းများနှင့် အလှူမင်္ဂလာပွဲများ ကျင်းပနိုင်ရန်အတွက် အခွင့်အလမ်းကောင်း များ ရရှိလာခြင်းဖြစ်သည်။ ဤကဲ့သို့ ပုံမှန်အခြေအနေနီးပါး အခြေအနေကောင်းများ ရရှိလာခြင်းသည် ကိုဗစ်-၁၉ ရောဂါ အရှင်းပျောက်ကင်းသွားသောကြောင့်မဟုတ် ဘဲ ရောဂါဖြစ်ပွားမှုနှုန်း သိသာစွာလျော့နည်းကျဆင်းလာသဖြင့် ပြည်သူများ၏ လိုအင်ဆန္ဒနှင့်အခွင့်အရေးများ အပြည့်အဝရရှိစေရန် ခွင့်ပြုပေးခြင်းဖြစ်သည်။ သို့သော် ကိုဗစ်-၁၉ ရောဂါ လုံးဝပျောက်ကွယ်သွားသည်မဟုတ်သေး၍ ထုတ်ပြန်ထား သည့် အမိန့်၊ ညွှန်ကြားချက်နှင့်စည်းကမ်းများကို ဆက်လက်လိုက်နာရမည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ်များ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်မူ အခြားနိုင်ငံများနှင့်မတူဘဲ ရောဂါ ဖြစ်ပွားနှုန်း သိသာစွာကျဆင်းနေသည်။ အမေရိကန်နိုင်ငံတွင် မကြာသေးမီက အိုမီခရွန်ဗီဇပြောင်းမျိုးသစ် ကလေးငယ်များကြား ကူးစက်ဖြစ်ပွားလာရာ ကလေး ငယ် ၁၃ သန်းခန့်အထိ ကူးစက်ခံရသည်။ စင်ကာပူနိုင်ငံတွင် ရောဂါကူးစက်ခံရသူ နေ့စဉ် တစ်ထောင်ကျော်ရှိနေပြီး သေဆုံးသူများလည်းရှိနေသည်။ အိန္ဒိယနိုင်ငံ တွင်လည်း နေ့စဉ်ကူးစက်မှုနှုန်း တစ်ထောင်နီးပါးရှိပြီး တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် တစ်ရက်တာအတွင်း ရောဂါကူးစက်ခံရသူ လေးထောင်နီးပါးရှိပြီး သေဆုံးသူမရှိပေ။ တောင်ကိုရီးယားနိုင်ငံတွင်   ပြီးခဲ့သည့်တစ်ရက်အတွင်း  ရောဂါကူးစက်ခံရသူ တစ်သိန်းကျော်ရှိသည်။ ဗီယက်နမ်နိုင်ငံတွင်လည်း တစ်ရက်အတွင်း လူနှစ်သောင်း နီးပါး ကူးစက်ခံနေရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသာစွာလျော့ကျလာခြင်း ကြောင့် ပြည်သူများ၏ နေထိုင်လုပ်ကိုင်ဆောင်ရွက်မှုများအား ပုံမှန်နီးပါးဖြေလျှော့ ပေးလိုက်သော်လည်း ကမ္ဘာပေါ်ရှိနိုင်ငံများနှင့် အိမ်နီးချင်းနှင့်ဝန်းကျင်နိုင်ငံများ၌ ရောဂါကူးစက်ဖြစ်ပွားနှုန်း မြင့်မားနေဆဲဖြစ်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းများကို ဆက်လက်လိုက်နာ ရန် လိုအပ်ပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်း ခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသော အမိန့်၊  ညွှန်ကြားချက်များကို  လိုက်နာရန်လိုအပ်သလို  မိမိတို့လူမှုစီးပွားဘဝ အဆင်ပြေစေရေးအတွက်လည်း    လူတစ်ဦးချင်းအလိုက်   ကျန်းမာရေးဆိုင်ရာ၊ ရောဂါကာကွယ်ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကင်းဝေးရေးအတွက် ကာကွယ်ဆေးထိုးနှံထားခြင်းသည် အကောင်းဆုံးဖြစ်၍ သတ်မှတ်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံခြင်းကို မပျက် မကွက်ခံယူရန်လိုအပ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် ကျေးလက်ဒေသနှင့်ဝေးလံခက်ခဲသောဒေသများတွင် နေထိုင်သော ပြည်သူများအပါအဝင် မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရစေဘဲ အသက် (၁၈) နှစ်နှင့်အထက် မိဘပြည်သူများ၊ အသက် (၁၂) နှစ်မှ အသက် (၁၈) နှစ်အထိ အခြေခံပညာ ကျောင်းသား ကျောင်းသူ လေးများ စသည့် ဦးတည်အုပ်စုများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ၍   ကာကွယ်ဆေးမထိုးနှံရသေးသော  ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများတွင် ဆေးထိုးနှံမှုပြုလုပ်ကြရန် တိုက်တွန်းပါသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ဆယ်ဂဏန်းမျှသာ ရှိလာပြီဖြစ်၍ ရောဂါဖြစ်ပွားနှုန်း သိသာစွာကျဆင်းလာသောကြောင့် အများ ပြည်သူတို့အပေါ် ကျန်းမာရေးဆိုင်ရာကန့်သတ်မှုများ ဖြေလျှော့ပေးခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ အရှင်းမပျောက်သေးသည်ကို သတိချပ်၍ ကျန်းမာရေးဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များအား ဆက်လက်လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါကြောင်း။    ။

ကြေးမုံ