ရော်နယ်ဒို ပါဝင်ခြင်းမရှိသည့်အတွက် တောင်ကိုရီးယား ပရိသတ်များ တရားစွဲရန် စီစဉ်နေ

ထက်အောင်

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ဂျူဗင်တပ်စ်အသင်း နှင့် တောင်ကိုရီးယား ကေလိဂ် All-Star အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သော ခြေစမ်းပွဲတွင် ဂျူဗင်တပ်စ်အသင်း တိုက်စစ်ကစားသမား ခရစ္စတီယာနို ရော်နယ်ဒို ပါဝင်ကစားခဲ့ခြင်း မရှိသည့်ကိစ္စနှင့်ပတ်သက်၍ တောင်ကိုရီးယား ဘောလုံးပရိသတ်အချို့သည် လျော်ကြေးငွ တောင်းခံရန်အတွက် တရားစွဲဆိုရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

ဂျူဗင်တပ်စ်အသင်းနှင့် ကေလိဂ် All-Star အသင်းတို့ ခြေစမ်းပွဲကို စီစဉ်သည့် The Fsta Inc ကုမ္ပဏီက ခြေစမ်းပွဲကစားရန် စီစဉ်ထားသည့် စာချုပ်အရ ပေါ်တူဂီကစားသမား ရော်နယ်ဒိုသည် အဆိုပါပွဲတွင် အနည်းဆုံး ၄၅ မိနစ်ခန့် ပါဝင်ကစားရမည်ဖြစ်သည်ဟု ကြေညာခဲ့ပြီး အဆိုပါပွဲအား ပရိသတ် ပေါင်း ၆၃၀ဝဝ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ သို့သော်လည်း တိုက်စစ်ကစားသမား ရော်နယ်ဒိုသည် အဆိုပါခြေစမ်းပွဲတွင် ပါဝင်ကစားခြင်းမရှိခဲ့ဘဲ အရန်ခုံတွင်သာ ထိုင်နေခဲ့ပြီးနောက် တောင်ကိုရီးယား ပရိသတ်အချို့က ယခုကဲ့သို့ တရားစွဲဆိုရန် စီစဉ်လာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တောင်ကိုရီးယားပရိသတ်နှစ်ဦးက ၎င်းတို့သည် ကွင်းဝင်လက်မှတ်အား လိမ်ညာရောင်းချခြင်းခံခဲ့ရသည်ဟုဆိုကာ ရှေ့နေဖြစ်သူ ကင်မ်မင်ကီနှင့် ဆွေးနွေးတိုင်ပင်ကာ တရားစွဲဆိုရန် စီစဉ်လျက်ရှိသည်။ ရှေ့နေ ကင်မ်မင်ကီက လက်ရှိအချိန်တွင် ၎င်းနှင့် ဆွေးနွေးတိုင်ပင်လာသည့် ပရိသတ်နှစ်ဦးသာ ရှိသေးသော်လည်း တရားစွဲဆိုမည့် ပရိသတ်ဦးရေသည် ၆၀ဝဝဝ ကျော်အထိ ရှိလာနိုင်ကြောင်း၊ အဆိုပါပရိသတ်များအား လျော်ကြေး ငွေပေးချေရမည်ဆိုပါက ပေါင် ၄၆ သန်းအထိ ပေးချေရနိုင်ကြောင်း ပြောဆိုခဲ့သည်။

“တောင်ကိုရီးယားပရိသတ်များစွာဟာ ရော်နယ်ဒိုကို ကြည့်ရှုအားပေးချင်တာကြောင့် ကွင်းဝင်လက်မှတ်တွေ ဝယ်ယူ ခဲ့ကြပါတယ်။ The Fsta Inc  ကုမ္ပဏီ ဒီခြေစမ်းပွဲအတွက် ဂျူဗင်တပ်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ ရော်နယ်ဒိုဟာ အနည်းဆုံး ၄၅ မိနစ်ကြာ ပါဝင်ကစားရမှာဖြစ်ပြီး ရော်နယ်ဒိုအနေနဲ့ ပရိသတ်တွေကို အမှတ်တရ လက်မှတ်ရေးထိုးပေးတဲ့ပွဲလည်း ပြုလုပ်လိမ့်မယ်လို့ ကြေညာခဲ့ပါတယ်။ အခုတော့ ပရိသတ်တွေက သူတို့ဟာ ကြော်ငြာအမှားနဲ့ လက်မှတ်တွေ လိမ်လည်ရောင်းချခံခဲ့ရတယ်လို့ ယူဆနေကြတယ်။ လက်ရှိအချိန်မှာ The Fsta Inc ကုမ္ပဏီကို တရားစွဲဖို့ ကျွန်တော်နဲ့ တိုင်ပင်လာတဲ့ ပရိသတ်က နှစ်ဦးသာရှိပါသေးတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ဆီ ဖုန်းနဲ့ဆက်သွယ်လာသူ အများအပြားရှိနေပါတယ်။ ဒါကြောင့် တရားစွဲဆိုမယ့် ပရိသတ်ဦးရေက ၆၀ဝဝဝ ကျော်ရှိလာနိုင်တယ်” ဟု ပြောဆိုခဲ့သည်။

မြန်မာ့အလင်း