ရွှေအိုရောင် ဂီတည ၂၀၁၉ တေးဂီတဖျော်ဖြေပွဲကြီးကို သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပမည်

ကိုလင်း

နာမည်ကြီး ဂီတအဆိုရှင်ကြီးများ ပါဝင်သီဆိုကြမည့် တတိယအကြိမ်မြောက် ရွှေအိုရောင်ဂီတည ၂၀၁၉ (Live Concert) တေးဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၁၃ ရက် (သီတင်းကျွတ်လပြည့်နေ့) ည ၇ နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂီတဖျော်ဖြေပွဲအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ရာ ပွဲစီစဉ်သူ ကိုဇောရိုးက “ကျွန်တော်တို့ ရွှေခေတ် ရွှေအနှစ် ရွှေသီချင်းများနဲ့ ရွှေအိုရောင်ဂီတညကတော့ တကယ့်ရွှေလိုတန်ဖိုးထားရတဲ့ ဂီတတွေနဲ့ သီဆိုဖျော်ဖြေမှာပါ။ ဒီနှစ်မှာတော့ တော်တော်လေး လူစုံတယ်လို့ ပြောလို့ရပါတယ်၊ အဆိုရှင်ကြီးများ စင်ပေါ်မှာ မဆိုခဲ့ဖူးသေးတဲ့ သီချင်းဟောင်း သီချင်းကောင်းတွေကို ရွေးချယ်သီဆိုကြမှာပါ”ဟု ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် စိုးပိုင်၊ ဗစ်တာခင်ညို၊ မြန်မာပြည်သိန်းတန်၊ ဘိုဘိုဟန်၊ စိန်ဝင်းထွန်း၊ ကံ့ကော်တောမျိုးအောင်၊ စိုင်းဆိုင်မောဝ်၊ ကိုင်ဇာ၊ ခင်မောင်ထူးနှင့် ဘိုဖြူတို့က တစ်ဦးလျှင် တေးသီချင်း ငါးပုဒ်မှ ခြောက်ပုဒ်အထိ သီဆိုကြမည်ဖြစ်ကာ The Friends Band  က တီးခတ်ပေးသွားမည် ဖြစ်ကြောင်း၊ ဖျော်ဖြေပွဲကြီးအတွက် လက်မှတ်များကို MyanPwel Hot Line မှတစ်ဆင့် ရောင်းချလျက်ရှိရာ ကြိုတင်ဝယ်ယူနိုင်ပြီး ကျပ် ၂၀ဝ၀ဝ၊ ကျပ် ၃၀ဝ၀ဝ နှင့် ကျပ် ၅၀ဝ၀ဝ ဟု သုံးမျိုး သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာ့အလင်း