ရွှေဘိုမြို့နယ်  တကန်သာကျေးရွာတွင်  ဓားခုတ်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံး 

ရွှေဘို   ၄  သြဂုတ်  


စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်  ရွှေဘိုမြို့နယ် တစ်ရွာတည်းသားချင်း ပေါက်ပြားရိုးနှင့်ရိုက်ပြီး ဓားဖြင့်ခုတ်ခဲ့သဖြင့် လူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း  ရွှေဘိုမြို့မရဲစခန်းမှူး  ဒုရဲမှူး သိန်းဆန်းဦး  ထံမှ သိရသည်။


ဖြစ်စဉ်မှာ  စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်  တကန်သာကျေးရွာတွင်  သြဂုတ် ၄ ရက်  နံနက် ၈ နာရီ ၁၅ မိနစ်က လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ  ရွှေဘိုမြို့မရဲစခန်းမှူး  ဒုရဲမှူးသိန်းဆန်းဦး  ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ  သွားရောက်စစ်ဆေးရာ  တကန်သာကျေးရွာနေ  ဝင်းဇော်ဦး (ခ) ကိုပိန်  က တစ်ရွာတည်းနေ  စိတ်ပုံမှန်မဟုတ်သူ  မောင်ဝင်း၏ အိမ်ရှိ ဓါးသွေးကျောက်တွင်  ဓါးသွေးပြီးအပြန်    မောင်ဝင်း  မှ နောက်ကလိုက်လာပြီး  ဝင်းဇော်ဦး (ခ)ကိုပိန်  အား ၎င်းလက်ထဲရှိ  ပေါက်ပြားရိုးနှင့်ရိုက်လိုက်သဖြင့်   ဝင်းဇော်ဦး(ခ) ကိုပိန်  မှာ ဝဲနားထင်ပေါက်ပြဲ ဒဏ်ရာရရှိကာ လဲကျသွားစဉ်  မောင်ဝင်း  မှ  ဝင်းဇော်ဦး (ခ) ကိုပိန်  ပါလာသော ဓါးမအား ကောက်ယူ၍ခုတ်ခဲ့သဖြင့်  ဝင်းဇော်ဦး (ခ) ကိုပိန်  တွင် ဒဏ်ရာများရရှိကာ  အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး   မောင်ဝင်းမှာ ထွက်ပြေးသွားကြောင်း  သိရသည်။


ဖြစ်စဉ်နှင့်စပ်လျဉ်း၍  မောင်ဝင်း ကို ရွှေဘိုမြို့မရဲစခန်းက  အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း  သတင်းရရှိသည်။


မိုးသောက် (ရွှေဘို)