ရွှေဘို၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ တစ်ဦးသေ၊ လေးဦးဒဏ်ရာရ

ရွှေဘို ၁၇ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ဇူလိုင် ၁၆ ရက် ညပိုင်းက ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၍ လူတစ်ဦးသေဆုံးပြီး၊ လေးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရွှေဘိုမြို့တွင် ဇူလိုင် ၁၆ ရက် ည ၉ နာရီ မိနစ် ၅၀ ခန့်က ရွှေဘိုမြို့ အမှတ် (၂) ရပ်ကွက် ကန်တော်လမ်းအတိုင်း တောင်မှမြောက်သို့  မိုးဇော်ထွန်း နောက်တွင် ကျော်နိုင်ထွန်း လိုက်ပါလာသော ဆိုင်ကယ်နှင့် ၎င်းလမ်းအတိုင်း မြောက်မှတောင်သို့  တင်ထွန်းအောင် မောင်းနှင်ပြီး အလယ်တွင် မဆုမွန်ဇော်၊ နောက်တွင် မသင်းသင်းမော်တို့ လိုက်ပါလာသော ဆိုင်ကယ်မှာ  အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်၌ မျက်နှာချင်းဆိုင်တိုက်မိပြီး ငါးဦးစလုံး ဒဏ်ရာများရရှိသဖြင့် ရွှေဘိုဆေးရုံကြီးသို့ ပို့ဆောင် ကုသစဉ် တင်ထွန်းအောင်မှာ ည ၁၁ နာရီခွဲတွင် အခင်းဖြစ်စဉ်က ရရှိခဲ့သော ဒဏ်ရာများနှင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေဘိုမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မိုးသောက် (ရွှေဘို)