ရွှေဘို၌ ခြောက်ဘီး ယာဉ်ဖြင့် သယ်ဆောင်လာသော ကျွန်းခွဲသားများ သိမ်းဆည်းရမိ

ရွှေဘို  ၁၈   ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက ခြောက်ဘီး ကွန်တိန်နာယာဉ်ဖြင့် သယ်ဆောင်လာသော ကျွန်းခွဲသားများ သိမ်းဆည်း ရမိခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦး ထံမှ သိရသည်။

ဖြစ်စဉ်မှာ ရွှေဘိုမြို့တွင် ဇူလိုင် ၁၇ ရက် နံနက်အစောပိုင်းက ရွှေဘိုမြို့နယ် မြင်းကသာရဲကင်း ရဲစခန်းမှ ခေတ္တရဲကင်းမှူး ဒုရဲအုပ် သိန်းနိုင်ဝင်း ဦဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ ရွှေဘိုမြို့နယ်သစ်တော ဦးစီးဌာနမှ တောအုပ်ကြီး ဦးညိုဦး ပါဝင်သော သစ်တောဝန်ထမ်းများနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်တောထွက်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရေး လုပ်ငန်းဆောင်ရွက်စဉ် သတင်းအရ ရွှေဘို -မြစ်ကြီးနားကားလမ်းနှင့် ကိုးပင်ဆည်လမ်းခွဲ လမ်းဆုံနေရာတွင် ယာဉ်မောင်း ဝင်းလှိုင်ထွန်း မောင်းနှင်လာသော အဖြူရောင် ခြောက်ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ကွန်တိန်နာ ယာဉ်အတွင်း ဖွဲကြမ်းအိတ်များအောက်တွင် တရားမဝင် သယ်ဆောင်လာသော ကျွန်းခွဲသား ( ၁၄၉ ချောင်း ) တန်အားဖြင့် ( ဒသမ  ၄၃၉၈ ) တန်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျွန်းခွဲသားများ သယ်ဆောင်လာသူ ယာဉ်မောင်း ဝင်းလှိုင်ထွန်း ကို ရွှေဘိုမြို့မရဲစခန်းက  သစ်တောဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မိုးသောက်(ရွှေဘို)