ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ ကျောင်းသားကျောင်းသူဦးရေ ရာနှုန်းပြည့်  ကျောင်းအပ်လက်ခံ သင်ကြားပေးလျက်ရှိ

နေပြည်တော်၊ ဇွန်

 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ ပညာရေးအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်တွင် တက်ရောက်ပညာသင်ယူကြမည့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး အခမ်းအနားကို စိမ်းလန်းဝေစည် ကျောင်းတော်ဆီ သီချင်းဖြင့် ကျောင်းသား ကျောင်းသူများက သီဆိုဖွင့်လှစ်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ အခြေခံစီးပွားရေးဖြစ်သော လယ်ယာကဏ္ဍနှင့် စပ်လျဉ်းပြီး စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာ ဘေးကင်းလုံခြုံမှု ရှိစေရေးတို့ကို အားပေးလုပ်ဆောင်လျက်ရှိကာ တောင်သူလယ်သမားများ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာရေးကိုလည်း အလေးထား ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း။

 

ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြတ်ကျော်ကာလအတွင်း လယ်ယာသားငါး ကဏ္ဍ မှ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု GDP တန်ဖိုး ၂၂ ဒသမ ရာခိုင်နှုန်း နှင့် ပြည်ပပို့ကုန်တန်ဖိုး၏ ၃၅ ဒသမ ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အဆိုပါ အောင်မြင်မှုများအပါအဝင် တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ အခြေအနေများ မြင့်တက်လာစေရန် မြေပြုပြင်စိုက်ပျိုးသည်မှ ဈေးကွက်သို့ တင်ပို့ရောင်းချပြီး၊ စားသုံးသူလက်ရောက် ထုတ်လုပ်မှု ကွင်းဆက် (Supply Chain) တစ်လျောက် ပါဝင်ပတ်သက်နေကြသော စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ဘွဲ့ရများ၏ စုပေါင်းစွမ်းအားများက အဓိကပါဝင်ခဲ့ရာ တက္ကသိုလ်နှစ်ခု၏ ကဏ္ဍမှာ များစွာ အရေးပါသည်ကို တွေ့ကြရမှာဖြစ်ကြောင်း။

 

တက္ကသိုလ်များအနေဖြင့် ရေဆင်းဒေသတွင် ဆည်တမံများ၊ စိုက်ကွင်းများ သုတေသန ဌာနများနှင့် နီးကပ်စွာ အတူယှဉ်တွဲ တည်ရှိနေသည့်အတွက် စိုက်ပျိုးမွေးမြူရေး ပညာရပ်များ သင်ကြားသင်ယူရန် ပြည့်စုံသော ပညာရေး ဝန်းကျင်ကောင်း တစ်ခုအဖြစ် တည်ရှိနေကြောင်း၊ စာသင်ဆောင် အိပ်ဆောင်များနှင့် တက္ကသိုလ် ပရဝုဏ်တွင် WiFi အပြည့်အဝ အသုံးပြုနိုင်ရေးနှင့် ပညာရေးကွန်ယက်များ၊ စာကြည့်တိုက်ကွန်ယက်များ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားပြီးဖြစ်၍ ဆက်သွယ်ရေး နည်းပညာကို အကျိုးရှိစွာ အသုံးချပြီး နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန်နှင့် အချိန်ကို စနစ်တကျ စီမံခန့်ခွဲ နေထိုင်တတ်သည့် အလေ့အထကောင်းများ လေ့ကျင့်ပျိုးထောင် သွားကြရန် တိုက်တွန်း ပြောကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကျောင်းသား ကျောင်းသူများ အနေဖြင့် စိတ်ချမ်းသာ ပျော်ရွှင်စွာ နေထိုင်ရေး၊ အများအကျိုး လိုလားစွာ ဆောင်ရွက်လိုသူများဖြစ်စေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှု ဖြစ်စေရေး၊ ပညာရေးကို အာရုံစိုက် လေ့လာကြပြီး မိမိတို့ကျောင်း၏ ဂုဏ်ကိုဆောင်နိုင်သူများ ဖြစ်စေရေးကြိုးပမ်းကြရန် တိုက်တွန်းမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထောက်ပံ့သည့် အားကစား ပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော် ကောင်စီဥက္ကဌက ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်ကြရာ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပြီး ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။

 

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ကျောင်းသား ကျောင်းသူများ ၏ တေးသရုပ်ဖော်တင်ဆက်မှုကို အားပေးကြည့်ရှုပြီး ပထမနှစ် ကျောင်းသား ကျောင်းသူကို ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြသည်။

 

၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပထမနှစ် ကျောင်းသား (၁၆၇) ဦး၊ ကျောင်းသူ (၂၅၁) ဦး၊ စိုက်ပျိုးရေး ဒီပလိုမာလက်မှတ်ရ ဦးစီးဌာန အသီးသီးမှ လုပ်ငန်းခွင်ထူးချွန် (၃၀) ၊ ကျောင်းအလိုက်ထူးချွန် ဒီပလိုမာ လက်မှတ်ရ (၈၃) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ အသစ် (၅၃၁) ဦး ပညာသင်ယူလျက်ရှိကြောင်း၊ အလားတူ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အနေဖြင့် ပထမနှစ် ဆေးပညာသင်တန်း ကျောင်းသား (၃၈) ဦး ၊ ကျောင်းသူ (၇၅) ဦး ၊  ပထမနှစ်မွေးမြူရေး ပညာသင်တန်း ကျောင်းသား (၂၆) ဦး ၊ ကျောင်းသူ   (၄၃) ဦး ၊ စုစုပေါင်း ပထမနှစ် သင်တန်းသား (၁၈၂) ဦး ပညာသင်ယူလျက် ရှိကြောင်း၊ တက္ကသိုလ် နှစ်ရပ်၌ ကျောင်းသား၊ ကျောင်းသူ  စုစုပေါင်း (၇၁၃) ဦး တက်ရောက် ပညာသင်ယူလျက် ရှိသဖြင့် ရာနှုန်းပြည့်  ကျောင်းအပ်လက်ခံ သင်ကြားပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်