ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန် ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့်အတူ ဩဂုတ် ၁၆ ရက် နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ (၈) ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး၊ ပုဇွန် အမျိုးမျိုးတို့ကို ရောင်းချပေးနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ကံဘဲ့အိမ်ရာဝင်း၊ အားကစားကွင်းကို  ကြည့်ရှုစစ်ဆေးပြီး ရေဝပ်နေရာများ သဲဖို့မြေပြုပြင်ရန်၊ အိမ်ရာဝင်းအတွင်းရှိ ဝန်ထမ်းမိသားစုများကို အသင်းများဖွဲ့စည်း၍ ဘောလုံးပွဲများ ကျင်းပပေးရန်နှင့် အားကစားနှင့် ကိုယ်လက်ကြံ့ခိုင်ရေး ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးနိုင်ရန် မှာကြားသည်။ ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကင်းမြို့နယ်၊ (၁၁) ရပ်ကွက်၊ နှင်းဆီလမ်းရှိ ဆည်မြောင်းချောင်းအတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းထားရှိမှုနှင့် မြေထိန်းနံရံ တည်ဆောက်နေမှုတို့ကို လည်းကောင်း၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်း၊ မြဝတီမီဒီယာ စင်တာရှေ့ ကျောက်ကုန်းလမ်းမှ ခုနစ်ပင်လိမ်ချောင်းအထိ မြောင်းဖုံးပါ အုတ်ရေမြောင်း တည်ဆောက်နေမှုကို လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း အမှတ် ၃၅၁၊ ၃၆၁ ရှိ ယခင် မြန်မာ့မီးရထားရုံးချုပ် ရုံးဟောင်းမြေနေရာရှိ စီမံကိန်းအဆောက်အအုံများ တည်ဆောက်မည့် လုပ်ငန်းခွင်သို့ လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် မြို့တော်ဝန်သည် နံနက် ၈ နာရီတွင် မြို့တော်ခန်းမ ပထမထပ်၊ အစည်းအဝေးခန်းမ (၄)၌ ကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကော်မတီဝင်နှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁၇/၂၀၂၂)သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်