မင်းဘူး မတ် ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲရာသီတွင် ဈေးသည်များ ရောင်းအားကောင်းလျက်ရှိကြကြောင်း ရွှေစက်တော်ဘုရား၊ စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင် ဈေးဆိုင်တန်းများမှ ဒေသထွက်ပစ္စည်းများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများ ရောင်းချသည့် မင်းဘူးမြို့ ဒေသခံဈေးသည်များထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများ၊ လေ့လာလည်ပတ်စရာ နေရာအများအပြားရှိသည့်အပြင် ဒေသထွက်ပစ္စည်းများပါ ပေါများလှသဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် လာရောက်အပန်းဖြေလေ့လာသူများသည် ရွှေစက်တော်ဘုရားပွဲတော်ရာသီဖြစ်သော တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ဘုရားပွဲတော်ရာသီတွင် အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူသွားနိုင်ရန် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ယခုအချိန်တွင် ဘုရားပွဲတော်ရာသီဖြစ်၍ ဘုရားဖူးများလည်း စည်ကားလှသည့်အတွက် ဈေးသည်များ ရောင်းအားကောင်းကာ မင်းဘူး (စကု)မြို့နယ်၏ ဒေသထွက်ကုန်ပစ္စည်းများ ဖြစ်သော ပဲပွကြော်၊ ပဲရွကြော်၊ ပါပလာ၊ လယ်ကိုင်းမရွေး၊ သစ်ဥ၊ သစ်ဖု၊ ဆေးမြစ်များ၊ ဝက်မြေဥနှင့် သနပ်ခါးတုံးများ၊ ချင်းရိုးရာ အသုံးအဆောင်ပစ္စည်းများ၊ ရွှေစက်တော် အမှတ်တရ ချည်ထည်အင်္ကျီများနှင့် ရွာသာယာကျေးရွာထွက် အတာကြိုအိုးအမျိုးမျိုးလည်း ရောင်းချပေးလျက်ရှိပြီး ရောင်းအား အလွန်ကောင်းလျက်ရှိကြောင်း မင်းဘူးမြို့ နဂါးပွက်တောင် ဈေးဆိုင်တန်းမှ ဒေသခံဈေးသည် မလှလှအေးထံမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)


