ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် ပြည့်နှက်ပြီး ခေတ်မီတိုးတက်သည့် မြို့တော်ကြီးတစ်ခုအဖြစ် ပြောင်းလဲရာမှာ

 

ရှင်နော်၊ ဓာတ်ပုံ - ထိန်လင်း

 

မြို့တော်ရန်ကုန်၏ ပြောင်းလဲမှုအလျင်နှုန်းက တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်မားလာနေသည်။ ရန်ကုန်မြို့တော်အနှံ့ မြို့နယ်သီးသီးမှ ကောင်းကင်ယံသို့ ထိုးထွက်နေသည့် တိုက်တာအဆောက်အအုံများ၊ အကာအရံ မြင့်မြင့်မားမား ကာထားသော ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ ထပ်မံတိုးချဲ့မည့် မြို့သစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ၊ အစည်းအဝေးပွဲများကို မကြာခဏ တွေ့မြင်ကြားသိနေသည်။ လက်ရှိရန်ကုန်ကို ဗဟိုပြုကာ အသစ်တည်ဆောက်မည့် ရန်ကုန်မြို့သစ်စီမံကိန်းကိုလည်း ရန်ကုန်သူ ရန်ကုန်သားတို့ မကြာမီ မျက်ဝါးထင်ထင် မြင်တွေ့ ရတော့မည်ဖြစ်သည်။


အပန်းဖြေမြို့တော်


မကြာတော့မည့် ဆယ်စုတစ်နှစ်တာ ကာလအတွင်း ရုပ်လုံးအကောင်အထည် စတင်ပေါ်ပေါက်လာတော့မည့် ရန်ကုန်မြို့တော်ကြီးတွင် ရန်ကုန်မြို့ဟောင်းကို ရှေးဟောင်းမြို့ပြ ယဉ်ကျေးမှု အမွေအနှစ်တို့ ပြည့်နှက်နေသော မြို့အဖြစ်လည်းကောင်း၊ ရန်ကုန်မြို့ဟောင်းကို ဝိုင်းပတ်ကာ စက်မှုမြို့တော်များ၊ ဆိပ်ကမ်းမြို့တော်များ၊ လူနေအိမ်ခြေ အပန်းဖြေမြို့တော်များဖြင့် ပါဝင်ဖွဲ့စည်းထားမည့် ရန်ကုန်မြို့သစ်ကို လည်းကောင်း ရန်ကုန်သူရန်ကုန်သားတို့ မြင်တွေ့ခွင့်ရကြ တော့မည်ဖြစ်သည်။


ထိုသို့ ရန်ကုန်မြို့သစ်နှင့် မြို့ဟောင်း တက်ညီလက်ညီတိုးတက်မှု အရှိန်အဟုန် မြှင့်တင်ရာတွင် ရန်ကုန်မြို့သစ်ကို စိတ်တိုင်းကျ တည်ဆောက်ခွင့်ရမည် ဖြစ်သော်လည်း ရှေးဟောင်းမြို့ပြ အမွေအနှစ်တို့ဖြင့် ပြည့်နှက်လျက်ရှိသော ရန်ကုန်မြို့ဟောင်းကို စနစ်တကျ ပြုပြင်မွမ်းမံမှသာ မြို့ပြအမွေအနှစ်တို့ကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ရန်ကုန်မြို့ကို ခေတ်မီမြို့တော်ကြီးတစ်ခုအဖြစ် မိမိပိုင်ဆိုင်သော မြို့ပြအမွေအနှစ်တို့ကို ဆုံးရှုံးရန်မလိုဘဲ ရောက်ရှိနိုင်သည်ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့(YHT)က ယုံကြည်ထားသည်။


မြို့ပြစီမံကိန်းဆိုင်ရာကိစ္စ


ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သမိုင်းပညာရှင် ဒေါက်တာသန်းမြင့်ဦးက ဥက္ကဋ္ဌအဖြစ်နှင့် ဒါရိုက်တာ ဗိသုကာပညာရှင် ဒေါ်မိုးမိုးလွင် တို့က ဦးဆောင်ခဲ့သည်။ မူလစတင်စဉ်က မြို့၏အမွေအနှစ် အရင်းအမြစ်များအကြောင်း ပိုမိုသိရှိလာစေရန်နှင့် ယင်းတို့ကို ကာကွယ်ရန်အတွက် အာဏာပိုင်များအား တိုက်တွန်းရန် သာဖြစ်သော်လည်း နောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်သော မြို့ပြစီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို အာရုံစိုက်လာခဲ့သည်။


ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များအနက် ရန်ကုန်မြို့၏ သမိုင်းအမွေအနှစ်များနှင့် ပတ်သက်ပြီး ပြည်သူလူထုကို အသိပညာ၊ ဗဟုသုတများ မြှင့်တင်ပေးနိုင်မည့် အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ခြင်းလည်းပါဝင်ရာ ရှေးဟောင်း အမွေအနှစ်စာရင်းဝင်နေရာ ၃၄ နေရာတို့တွင် အပြာရောင် ကမ္ပည်းပြားများ တပ်ဆင်နိုင်ခဲ့ပြီးဖြစ်သည်။


ယခုအခါ ၃၅ ခုမြောက် အပြာရောင် ကမ္ပည်းပြားကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၁ ရက်တွင် ပန်းဘဲတန်းမြို့နယ် အခြေခံ ပညာအထက်တန်းကျောင်း အမှတ်(၁)တွင် တပ်ဆင်တော့မည်ဖြစ်သည်။ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကိုသူရိန်အောင်က “စိန်ဂျွန်းကျောင်းကတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထဲမှာပဲ ကမ္ပည်းပြားတပ်ခဲ့ပြီးပြီ။ အခု လာမယ့် ဇန်နဝရီလ ၁၁ ရက်မှာတော့ စိန့်မေရီမှာ ကမ္ပည်းပြား တပ်ဖို့ စီစဉ်ထားပါတယ်။ ဒီကျောင်းက ခေတ်အဆက်ဆက် မိန်းကလေးသီးသန့် ကျောင်းပဲလုပ်ခဲ့တာဖြစ်ပါတယ်။ ၁၈၈၆ ခုနှစ်မှာ စပြီးတည်ထောင်တယ်။ ဒိုင်အိုစီဇင်ကျောင်းပေါ့လေ။ ဒေါက်တာ မတ်က ကမကထ လုပ်ပြီး စီစဉ်ပေးတယ်။ ပထမဆုံးကျောင်းအုပ် ကတော့ မစ္စ ကွတ်လို့ခေါ်တဲ့ ကျောင်းအုပ် တစ်ယောက်ပေါ့။ အခု ကျွန်တော်တို့ မြင်နေရတဲ့ ဒီကျောင်းရဲ့ သက်တမ်းအရင့်ဆုံး အဆောက်အအုံတွေကတော့ ၁၉၁၅ လောက်ကျမှ ပြန်ဆောက်ထားတဲ့ အဆောက်အအုံတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေလည်း စာသင်ခဲ့ဖူးတယ်”ဟု အပြာရောင်ကမ္ပည်းပြား တပ်ဆင်မည့် ကျောင်းအကြောင်း ရှင်းပြသည်။


အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်


ရန်ကုန်မြို့အတွင်း အပြာရောင် ကမ္ပည်းပြားများ တပ်ဆင်မှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်နှင့် ပတ်သက်၍ ကိုသူရိန်အောင်က “ကမ္ဗည်းပြားတွေက အများပြည်သူ လေ့လာနိုင်တဲ့နေရာမှာပဲ ကပ်ထားတာဖြစ်တဲ့အတွက် သွားရင်းလာရင်းနဲ့ မြို့သမိုင်းကို ပိုပြီးသိလာမယ်။ အလွယ်ဆုံးပြောရရင် ကမ္ဘာလှည့်ခရီးသည်တွေဆိုရင် စထရင်း ဟိုတယ်ရှေ့ ရောက်တယ်ဆိုရင် ဒီကမ္ပည်းပြား ကို ကြည့်ပြီးတော့ပဲ ဧည့်လမ်းညွှန်ကလည်း ရှင်းပြတယ်။ ပန်းဆိုးတန်း တစ်ဝိုက်မှာရှိတဲ့ အဆောက်အအုံ တော်တော်များများမှာလည်း ကမ္ပည်းပြားတွေ ရှိနေပြီဖြစ်တဲ့အတွက် ဒီကမ္ပည်းပြားတွေကတစ်ဆင့် သမိုင်းကိုရှင်းပြကြတယ်။ ပြည်တွင်းနေသူတွေကလည်း တော်တော်လေး စိတ်ဝင်စားလာကြတယ်။ ဒါတွေကို လေ့လာတဲ့ကျောင်းသား တွေရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ စာတမ်းတွေပြုစုတယ်။ နိုင်ငံခြားဘာသာ တက္ကသိုလ်က ကျောင်းသားတွေဆိုလည်း သူတို့စာတမ်းရေးတဲ့အခါမှာ ရန်ကုန်မြို့ မှာရှိတဲ့ အပြာရောင်ကမ္ပည်းပြားများဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်လာကြတာရှိတယ်။ တိုင်းဒေသကြီး အစိုးရဘက်ကလည်း ဒါကိုအားပေး ကူညီနေတာတွေရှိပါတယ်”ဟု ရှင်းပြသည်။


၃၅ ခုမြောက် ရန်ကုန်မြို့ပြ အမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ပည်းပြား မကြာမီ တပ်ဆင်ခံရတော့မည့် အထက(၁) ပန်းဘဲတန်း (စိန့်မေရီ) ကျောင်းမှ ကျောင်းသူဟောင်းတစ်ဦးဖြစ်ခဲ့သော အန်တီစတယ်လာ က လွန်ခဲ့သောနှစ် ၆၀ ခန့်က ကျောင်းနှင့် ပတ်သက်၍ အမှတ်တရရှိခဲ့ပုံများကို ပြန်လည် ပြောကြားရာ၌ “အဲဒီတုန်းက ကျောင်းအုပ်ကြီး က ‌ ဒေါ်ခင်ခင်၊ အန်တီတို့ ငယ်ငယ်တုန်းက ကျောင်းပေါင်းစုံ အားကစားပွဲတွေကို အန်တီတို့ကျောင်းရဲ့ အားကစားကွင်းမှာ လုပ်တယ်။ အမှတ်တရအနေနဲ့က မရမ်းခြံကျောင်းက အဆိုတော် ဒေါ်မာမာအေးနဲ့ အန်တီတို့ ထုပ်ဆီးတိုးပြိုင်ဖူးတယ်။ ဒေါ်မာမာအေးကလည်း သက်တံပေါ်မှာကစားမယ် လွှင့်ပြီး ခါစပေါ့၊ မရမ်းခြံကျောင်းနဲ့ စိန့်မေရီနဲ့ ထုပ်ဆီးတိုးပြိုင်တာပေါ့။ ဆီးဂိမ်းမှာလည်း အန်တီတို့ကျောင်းက ကဗျာလွတ်တွေ ဝင်ကဖူးတယ်။ အန်တီတို့ကျောင်းက စည်းကမ်းကြီးတယ်။ ကျူးနစ်တွေ ဂါဝန်ဝတ်ရတဲ့ အချိန်တုန်းကလည်း ခါးပတ်မပါရင်၊ ခြေအိတ်မပါရင် ဒဏ်တပ်ခံရတယ်။ အင်္ဂလိပ်စကားမပြောရင် ဆယ်ပြား၊ ကျူးနစ်ကို ခါးပတ်မပါရင် ဆယ်ပြား၊ ခြေအိတ်မပါရင် ဆယ်ပြားလား ငါးပြားလားမသိဘူး ဒဏ်တပ် ခံရတယ်။ အပြင်ထွက်ချင်တယ်ဆိုရင် လက်ဟန်ခြေဟန်နဲ့ ပြောလို့မရဘူး။ အင်္ဂလိပ် လို ပြောရတယ်။ “Please may I go out” လို့ပြောမှ၊ မပြောဘဲနဲ့ ပါးစပ်နဲ့လက်နဲ့တို့တဲ့ ပုံစံလုပ်ပြလို့ရှိရင် ပုံးထဲကို ပိုက်ဆံသွားထည့်ရတယ်”ဟု အတိတ်အကြောင်းကို ပြန်ပြောင်း ပြောပြခဲ့သည်။
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့အနေဖြင့် အင်းလျားကန်နှင့် အင်းလျားလိတ်ဟိုတယ်တို့၌လည်း အပြာရောင် ကမ္ပည်းပြားများတပ်ဆင်ရန် စီစဉ်လျက်ရှိပြီး နောက်နှစ်မိုးရာသီကာလ မရောက်မီ ရှေးဟောင်းမြို့ပြအမွေအနှစ် အထိမ်းအမှတ် အပြာရောင် ကမ္ပည်းပြားများကို ခပ်စိပ်စိပ် ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့အလင်း