ရွေးကောက်တင်မြှောက်ခြင်းခံရသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ ကတိသစ္စာပြု

ရန်ကုန် ၁၂ ဧပြီ

 

ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင် မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွင်ရွေး ကောက်တင်မြှောက်ခြင်းခံရသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ ကတိသစ္စာ ပြုခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌများနှင့် မြို့နယ်ကော်မတီ အဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရှေ့မှောက်တွင် ကတိသစ္စာပြုကြသည်။

 

mdn

 

ရန်ကုန် မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ် တွင် မတ်လ ၃၁ ရက်က ကျင်းပခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင်က အပြီးသတ် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

 

mdn

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲတွင် မြို့တော် ကော်မတီဝင် နေရာအတွက်  ၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ခြောက်ဦး အနိုင်ရရှိခဲ့ပြီး  မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ နေရာအတွက် ၉၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၃၃ ဦး အနိုင်ရရှိခဲ့ကြောင်း၊ မြို့နယ်အဖွဲ့ဝင် (၁) နေရာအတွက် ၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၃၃ ဦး အနိုင်ရရှိခဲ့ ကြောင်းနှင့် မြို့နယ်အဖွဲ့ဝင် (၂) နေရာအတွက် ၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၃၃ ဦး အနိုင်ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်မှသိရသည်။

 

ဆန်းကျော်ဦး  (ပြန်/ ဆက်)